ဒီနေ့ ၀ါဆိုသင်္ကန်းကို Clementi ကျောင်းမှာသွားကပ် ဖြစ်တယ် ။ အဲ့ဒီ မှာ ဘုန်းဘုန်း ကတရားပေးပါတယ် ။ မှတ်မိ သလောက်လေး ပြန်ပြောပြမယ်နော်.....း) ။
ဘုန်းဘုန်းက ပြောတယ် ဒီအလှုက ကုသိုလ်ရတာ ဒီသင်္ကန်းကြောင့် မဟုတ်ဘူး...၊ ဒီသင်္ကန်းက အသုံးပြု ပြီးရင် တစ်နေ့ ပျက်စီးသွားမယ် မပျက်စီးမှာက ကုသိုလ် စိတ်ပဲတဲ့ ၊ အဲ့ဒီ ကုသိုလ်စိတ်လေးကိုလဲ မပျက်စီးအောင် စိတ်ထဲ ကိန်းအောင်းနေရပါမယ် ၊ လူတွေက လှုပြီးလို့ ဒီကုသိုလ်စိတ်လေးကို မေ့ပစ်လိုက်မယ်ဆိုရင် ညောင်ပင်လောက် လှုလဲ ညောင်စေ့လောက်ပဲ ကျန်ပါမယ် ၊ စိတ်ထားတတ်ပြီး ဒီကုသိုလ်ကို စိတ်ထဲအမှတ်ရပြီး ကုသိုလ်စိတ်လေး ၀င်နေမယ်ဆိုရင် ညောင်စေ့လောက် လှုလဲ ညောင်ပင်ကြီးလောက် ကုသိုလ်ရပါတယ် တဲ့..။
ဒီတော့ ဘုန်းဘုန်းကပြောတယ် ဖြစ်နိုင်ရင် ကိုယ်ဘယ်နေ့က ဘယ်လို ကောင်းမှုလုပ်တယ်ဆိုတာကို မှတ်စုစာအုပ်လေး ဒါမှမဟုတ် အမှတ်ရ နိုင်မယ့် တစ်နေရာရာမှာ ရေးထားပြီးတော့ မမေ့အောင် ဂရုပြုထားမယ်ဆိုရင် ပိုကောင်းတယ်လို့ဆိုပါတယ် ။ ကောင်းမှုဆိုတဲ့ နေရာမှာ လမ်းဘေးက အဘိုးအဘွား တွေ ရောင်းနေတဲ့ တစ်ရှုး ကိုကိုယ် မလိုအပ်ပေမယ့် တမင်တကာ ၀ယ်ပေးလိုက်တာကလဲ ကောင်းမှုတစ်မျိုးပဲ လို့မြင်ပါတယ် ၊ နောက်ပြီး ကိုယ့်မိဘကို ကိုယ်တတ်နိုင်သလောက် လေးထောက်ပံ့တာ၊ စသည်ဖြင့်ပေါ့နော် သိပ်တော့လဲ မပြောတတ်ဘူး ။
များသောအားဖြင့် လူတွေက မှတ်စု စာအုပ်ထဲမှာ ပူဆွေးစရာ၊ ဒေါသထွက်စရာ၊ လွမ်းမောစရာ အဲ့လို အကုသိုလ်နဲ့ ဆိုင်တဲ့ မှတ်စရာများကိုပဲ မှတ်တတ်တာများပါတယ် ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်လေးတွေကိုလဲ အဲ့လို မှတ်မှတ်ရရလေး မှတ်ထားပြီး ပြန်ဆင်ခြင်အောင်းမေ့ရင် ကုသိုလ်ပိုရပါတယ်တဲ့ ။
နောက်ပြီးတော့ ညအိပ်ရာဝင် တဲ့အချိန်မှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် လေးတွေကို ပြန်စဉ်းစားသင့်တဲ့ အကြောင်းပေါ့ ၊ ဒီနေ့ အကုသိုလ်ဖြစ်အောင် ဘယ်လိုတွေနေမိခဲ့သလဲ ၊ ကုသိုလ်ဖြစ်နိုင်မယ့် အရာ တွေကိုရော ဘာတွေလုပ်ခဲ့မိလဲ ပြန်စဉ်းစား ရမယ်လို့ ဆိုပါတယ် ။ (ကိုယ်ကတော့ သချာတယ် အကုသိုလ်တွေ ကြီး ပဲနေမှာ) ။း)
ကိုယ်လဲ ပြန်ပြီးတော့ တွေးကြည့်မိတယ် ။ ကိုယ် ကုသိုလ်နဲ့အကုသိုလ် ဘာတွေလုပ်ခဲ့လဲဆိုတာကို တစ်နေ့တာကုန်ဆုံးလို့ ညပိုင်းရောက်ရင် တမင်တကာ ကြီးတော့ မစဉ်းစားမိခဲ့ဘူးလို့ ထင်တယ် ။ မေ့နေတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ သတိမထားမိတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ဒါပေမယ့် ကိုယ် E mail ဖွင့်စစ်ဖို့ ၊ ဘလော့ခ် တွေလည်ဖို့တော့ လုံးဝ မမေ့ခဲ့ဘူး ဆိုတာတော့ သေချာတယ်း) ။ ဘာပဲ ဖြစ်ဖြစ် ဒီည ကနေစပြီး နောက်ပိုင်း ကိုတော့ သတိလေး ထားပြီး ဆင်ခြင်နိုင်အောင် ကြိုးစားလိုက်ဦးမယ် ။

