Friday, July 31, 2009

ကိုယ် သိသော.... အချစ်ဆိုသည်မှာ...

" ဒီကြက်ခေါင်းကြီး မကြိုက်ဘူးလေ.... ကိုကြီး ကဘာလို့ နောင့်ပန်းကန်ထဲ လာထည့်ပေးတာလဲ"

"ညီမလေးပဲ ကြက်ရိုး ကိုက်ချင်တယ်ဆို “

"နောင့်..ပြောတာ ကြက်ရိုး ၊ ကြက်ခေါင်း ဟုတ်ဘူး"

"မေကြီးပန်းကန်ထဲ ထည့်လိုက်သမီးလေး...မေကြီးကြိုက်တယ်"

အဲ့ဒီအချိန်ထဲက မေကြီး ကြက်ခေါင်းပဲ အမြဲစားရတော့တယ် ။ တစ်ခါတစ်လေ... မေကြီး ပုဂံထဲက ကြက်ခေါင်းကို ဖေကြီးက တစ်ခါတစ်လေ ယူစားတာတွေ့ပေမယ့်...အဲ့ဒါ မေကြီး တကယ်မကြိုက်လို့ဆိုတာ အဲ့ဒီတုန်းက မသိခဲ့ပါဘူး.....။

"သမီးလေး...ညကချောင်းတွေဆိုးနေလို့... စောင်များကွာနေလား ထကြည့်တော့ ၊ သမီးလေး ကမကွာဘူး၊ သားကြီးက စောင်နဲ့လူတခြားစီ၊ သမီးကြီး ကလဲ အိပ်လိုက်တာသိုးလို့"
အဲ့ဒီလို ညတိုင်း အိပ်ပျက်ခံပြီး စောင်ကွာမကွာထကြည့်ပေးခဲ့တဲ့ မေကြီး ရဲ့ ချစ်ခြင်းက ကိုယ့်အတွက် မေကြီးခြုံပေးထက်စောင်တဲ့ နွေးခဲ့တယ်။

" သမီးကြီး အတွက်ဈေးထဲနာရီ ၀ယ်ဖို့သွားရင်း၊ ငါ့သားကြီး ဆိုဆိုနေတဲ့ အဆိုတော်ရဲ့သီချင်းစာအုပ်တွေ့လို့ ၀င်ရွေးနေတာ ၊ ပြီးတော့ သမီးလေး စပျစ်သီးကြိုက်တာ သတိရလို့ မြို့ရောက်တုန်းလေး ဆိုပြီး သွားဝင်ဝယ် တာကွာ..... ကားမမှီလို့ မနဲ တော်တော် ဝေးတဲ့ အထိ ပြေးလိုက်ရတာ ငါ့နှယ် မောလိုက်တာ...၊ ဒါပေမယ့် သူတို့ လိုချင်တာလေးတွေ ၀ယ်လာရလို့ မောရကြိုးတော့ နပ်ပါတယ်"

ညကြီးမိုးချုပ်မှ မောမောပန်းပန်း ပြန်လာပြီး အမောမဖြေအားပဲ ကိုယ် တို့လိုချင်တဲ့ ပစ္စည်းလေးတွေ ထုတ်ပြပြီး ပြောခဲ့တဲ့ ချစ်ခြင်းအပြည့်နဲ့ဖေကြီး စကား စပျစ်သီးလေးထက် ချိုခဲ့တယ်....။
အဲ့ဒါ တွေက ကိုယ် အိမ်နဲ့ မဝေးခင်ထိ ကြုံခဲ့ ရတဲ့ ချစ်ခြင်း.... ဘယ်အရာကိုမဆို ...သားသမီးတွေ အတွက် တွေးပြီး မိမိဆန္ဒဆိုတာပျောက်ဆုံးနေခဲ့တဲ့ ဖေကြီး နဲ့ မေကြီး ရဲ့ အချစ်တွေပေါ့...။

ဒီလိုနဲ့ ၁၀ တန်းအောင်လို့ ကိုယ် တောင်ငူမှာကျောင်းလာတတ်ရင် အဆောင်နေရပြန်တယ်....။


" ဟဲ့ နှင်းနှင်း...... နင် နဲ့ ဇော်မောင် ကြိုက်နေကြပြီဆို ၊ ဘယ်လို ကဘယ်လို ကြိုက်သွားတာလဲ "

" ဇော်မောင် က ငါ့ဆီကို နေ့တိုင်းလာနေတာ .... နင် အသိပဲ နောင့် ရယ်.. ၊ သူ မလာရင် ငါမျှော်တယ် ...၊ သူရောက်လာရင် ငါပျော်တယ်..... အဲ့ဒါ ငါ သူ့ကို ချစ်လို့ပေါ့ .... အဲ့ဒါကြောင့် သူတောင်းထားတဲ့ အဖြေ ပေးလိုက်တာ "

အင်း..... ကိုယ်ထင်တယ် ... အဲ့ဒီ အချစ် ကတော့ နီးစပ်မှုကြောင့်ဖြစ်မယ်လို့ ....။

ကျောင်းပြီးလို့ ရန်ကုန်မှာ အလုပ်ထဲရောက်ပြန်တော့...
"ကေသီ.... ဟိုမှာ... နင့် မောင် စောင့်နေပြီ၊ အချိန် အတိအကျပဲနော် ၅ နာရီ "

"ဟာ...မောင် ကလဲ ရုံးရှေ့အထိ လာမကြိုဖို့ပြောထားတယ် နောင့် ရဲ့ ... အဲ့ဒါကို လာကြိုတယ် စိတ်တိုလိုက်တာ"

ရုံးအတွင်းခန်းထဲကို ကြည့်ပြီး ပစ္စည်းတွေ ကပြာကရာ ကောက်ထည့် ထွက်သွားတဲ့ ကေသီ နဲ့ သူ့ ချစ်သူ မောင်တို့ရဲ့ လိုက်ဖတ်ညီလှတဲ့ အတွဲလေးကို ငေးပြီး ကြည်နှုးမိတယ်..။ သူတို့အတွဲလေးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး ချောတာချင်းလဲ ညီလို့ ကိုယ်သိပ်သဘောကျတဲ့ အတွဲလေးပေါ့..

ဒါပေမယ့် တစ်နေ့မှာ တော့ ကေသီ ပြောလိုက်တဲ့ စကားတစ်ခွန်း..

" ဟုတ်တယ် နောင့်... ငါ ကိုအောင့် ကို လက်ခံလိုက်တယ်.... မောင့် ကိုသိပ်ချစ်ပေမယ့်... မောင် ကငါအထင်ကြီး လာအောင် မစွမ်းဆောင်ပြနိုင်ခဲ့ပါဘူး.... ငါ နဲ့ မောင် ဘွှဲ့ရတာချင်းတူတူ ခုချိန်ထိ မောင် ဝေလေလေ လုပ်လို့ကောင်းတုန်းပဲ.. ကိုအောင်ဆိုရင် ငါတို့နဲ့ အသက်ဘယ်လောက်မှ မကွာပေမယ့် ငါတို့ ရုံးမှာ ရာထူးချင်း ဘယ်လောက်ကွာထားလဲ... ၊ သူဌေး နဲ့ စကားပြောနေရင်များ ပိုင်ပိုင်နိုင်နိုင် ရွံ့နေတာ ကြောက်နေတာ မရှိဘူး ငါငေးကြည့်နေခဲ့ရတာ ခဏခဏပဲ... မောင့် ကိုလဲ သူ့လိုဖြစ်စေချင်တယ်...ချစ်ခဲ့တဲ့ ၅ နှစ်အတွင်း သံယောဇဉ်တွေကြောင့် ငါ မောင့်ကို သည်းခံ စောင့်နေခဲ့တာ...ခု ငါ အထင်ကြီးတဲ့ ကိုအောင် ကငါ့ကို ချစ်ခွင့်ပန်လာတော့ ငါ မငြင်းချင်ဘူးလေ "

သြော် ... အချစ်ဆိုတာ အထင်သေးရင် ပျောက်ကွယ် တတ်ပြီး အထင်ကြီးမိရင် ဖြစ်ပေါ်တတ်တာပဲနော်...။

နောက်တစ်မျိုးကြတော့.......

"ဘာရယ်.. မမ နဲ့ အောင်သူ ... ဟုတ်ပါ့မလား သွယ် ရယ် နင်ကလဲ"

"နင် မယုံရင် မေးကြည့်ပေါ့... ဟုတ်ပါတယ်ဆို ငါ့ မျက်စိနဲ့ သေချာမြင်ခဲ့တာ "
အဲ့ဒီအချိန် ရုံးထဲ ၀င်လာတဲ့ မမ ကြောင့် ကိုယ်တို့တွေ မသိမသာ စကားလွှဲလိုက်ရတယ်..။ <

ဟုတ်တယ်....မေဇင် ၊ အဲ့ဒီလို အောင်သူ က သူများ ခိုင်းတာတွေကို မညီးမငြူ စေတနာ နဲ့ သွက်သွက်လက်လက် ကူညီနေတာကို ကြည့်ပြီး မမ သနားခဲ့တယ်... ၊ မမလဲ မထင်ခဲ့ပါဘူး.... ဒါပေမယ့် မမ သနားပြီး ချစ်သွားမိတယ် "

ရုံးက အရာရှိ မမ နဲ့ ရုံးစားရေး တောက်တိုမယ်ရ လိုက်ကူတတ်တဲ့ အောင်သူ တို့ရဲ့ ဇတ်လမ်းက သနားခြင်းက စတယ်တဲ့.....။

ကဲရှင်.............အချစ် ဆိုတာ
ဖေကြီး နဲ့ မေကြီး ၊ ကိုယ်တို့ အပေါ်ချစ်တဲ့ အချစ် နဲ့အတူ
နီးစပ်မှု ကြောင့်လား.....
အထင်ကြီးမှု ကစတာလား.....
သနားခြင်းက စတာလား.....
အဲ့လို အချစ် အမျိုးမျိုးတွေ တွေ့ခဲ့ဖူးပါတယ်...။
တစ်ချို့ကလဲပြောပြန်တယ် မျက်စိ ကစတာတဲ့...

ဒါပေမယ့် သေချာတာကတော့ ချစ်ပြီးရင် ပူပင်သောကတွေ လာတော့မယ်..။ ပျော်စရာတွေလဲ ကြုံရမှာပဲ..။ မိဘတွေက တော်တဲ့ လိမ္မာတဲ့ သားသမီးတွေ အတွက် ပျော်ရွှင် ကြည်နှုးရသလို ၊ ဆိုးတဲ့ သားသမီးတွေ အတွက် ပူပင်သောကတွေ များရမှာပါပဲ...။

ဒီလိုပဲ ချစ်သူတွေ ရဲ့ ကြားမှာလဲ ....... ပျော်စရာ၊ စိတ်ကြည်နှုးစရာတွေ ရှိသလို့ မျက်ရည်နဲ့ ရောစပ်ထားတဲ့ ပူပင်သောကတွေလဲ အများကြီး နေမှာပါ..။
ဒါပေမယ့် လူတိုင်း(ပုထုဇဉ်) အချစ်နဲ့ ကင်းနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်ရှင်....။ အပျိုကြီး ၊ လူပျိုကြီးများ ဖြစ်လင့်ပစေ.. ကြုံခဲ့ဖူးကြမှာပါ... ၊ နောက်ဆုံး ကိုယ့် မိဘ မောင်နှမ အပေါ်တော့ ချစ်ဖူးကြမှာပါနော်...။

ကိုယ့် အတွက်ကတော့ အချစ်ဆိုတာ……… ၊ အထင်ကြီး ၊ အားကိုးခြင်း ၊ မြတ်နိုးကြင်နာခြင်း ၊ ပေးဆပ်၊ ရယူခြင်း .... ;)

ကိုယ့် ရဲ့ ချစ်သူကို မေးကြည့်တော့….

“အချစ်ဆိုတာ … ကိုယ့်အတွက်တော့ နောင့်နောင့် ပါပဲ” တဲ့ ။

“ကိုယ့် ဘ၀ တစ်လျှောက်လုံး နောင့် နဲ့အတူ လက်တွဲသွားရမယ်ဆိုရင် ပြည့်စုံပြီလို့ ခံစားရတယ်” တဲ့….။

သူက အဲ့ဒီလောက်ပဲ ပြောတယ်… ၊ ကိုယ် လဲထပ်မေးဖို့မလိုအပ်တော့ပါဘူးလေ…၊ တစ်ခါတစ်လေ အများကြီးပြောတာထက် စိတ်ချင်းဆက်သွယ်ပြီး ပြောနေရတာ ပိုကောင်းတယ် မဟုတ်လား…..။

မက်မက်လေး ရေ…… ကိုယ်သိခဲ့ဖူးတဲ့ အချစ်အကြောင်းလေးတွေကို သိသလောက် တတ်သလောက်လေး ရေးထားတယ်နော်…။ စိတ်ကျေနပ်မှုမရှိသော်လဲ… ကျေနပ်ပေးပါနော်။

Friday, July 17, 2009

အဖော်မွန်လေး အတွက် ကျေးဇူးပါ။ (Tag Post)

"အစ်မ..."

" အေး "

" အစ်မ..အားရင် ... ဒါလေး http://www.monethu.blogspot.com/

နှိပ်ပြီး ဖတ်ကြည့်ပါဦးနော်... ဟိဟိ ...အစ်မ မရီရဘူးနော်.."

" အေး "

အဲ့ဒါ ကိုယ့်ဘလော့လေး ရဲ့ အဖွင့်ပါပဲ......။ ဘလော့တကာကို လည်နေတာ ကြာပါပြီ ...ဒါပေမယ့် comment လေးတောင် မပေးတတ်ခဲ့ပါ ဘူး..။ comment ပေးမယ် ကြိုးစားလိုက်တိုင်း မအောင်မြင်တာ နဲ့ပဲ... စာဖတ်ပြီး တစ်ခုခုကို ပြောချင်စိတ် အရမ်းပေါက်လာခဲ့ရင် C box ထဲမှာ နဲနဲ တော့ ၀င်ပြောခဲ့တယ်..။ အဲ့ဒါ ကပြောရ လွယ်ပေမယ့်...ကိုယ်ပြောချင်တာ အကုန်လဲ မပြောရဲဘူးလေ အဲ့ဒီ C box ကိုနှုတ်ဆက်ရုံလေး အတွက် လုပ်ထားတာလို့ထင်ခဲ့တာကိုး ။

ဒီလိုနဲ့ပဲ လိုက်ဖတ်ရင်း မမမိုးချိုသင်း.ဘလော့လေးထဲ ရောက်သွားရော ။ အမြဲဝင်ဖတ်ဖြစ်ပြီး တစ်ခုခု ပြောချင်ရင် Cbox ကအဲ့ဒီဘလော့လေးထဲ မှာမရှိဘူး ...ဒါနဲ့ပဲ ဘာပဲဖြစ်ဖြစ် comment ရအောင် ပေးမယ် ဆိုပြီး bogger sign up ကိုနှိပ်လိုက်ပြီးတော့ မရ ရအောင် လုပ်လိုက်တာ ပေးလို့ရသွားတယ် ။ အဲ့ဒီလို လုပ်ပြီးပေမယ့်...အဲ့ဒါ blog တစ်ခု ဖွင့်ထားတာမှန်းလဲ သတိမထားမိသေးပါဘူး.....။

တစ်နေ့ တော့ ကိုယ့် ရဲ့ gmail password ပြောင်းမယ် ဆိုပြီး account setting ထဲကို ၀င်လိုက်တော့ blogger ဆိုပြီး တွေ့ပါတယ် ။ ကိုယ်လဲ ဘာမှန်း မသိပဲ click နှိပ်လိုက်တော့ Posting box ကျလာပါတယ် ။ အဲ့ဒါနဲ့ Title မှာ ... ကိုယ် စင်္ကာပူ ဘာကြောင့်ရောက် လို့ ရိုက်ထည့်ပြီး ... အောက်က box မှာ ရောက်လာရတဲ့ အကြောင်းလေးတွေကို စိတ်ထဲ ရှိသမျှ ချရေးလိုက်တာ စဉ်းစားစရာတောင် မလိုဘူး စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေပဲ ။ ရေးလဲပြီး ရော.... publish post ဆိုတာကို နှိပ်ချလိုက်တော့ View blog တဲ့... ကြည့်လိုက်တော့.... ကိုယ်အမြဲ သူများ တွေထဲ ၀င်ဝင်ဖတ်နေတဲ့ တကယ် blog လေးတစ်ခု ကိုဖန်းတီးမိသွားပြီဆိုတာ သိလိုက်ရတယ် (အိမ်လေး မလှတာက လွဲပြီး) ။ စိတ်ထဲ ... ပျော်သလိုလို ဘာလိုလို ဟာတာတာ နဲ့ ဘယ်လို ခံစားချက်မှန်းလဲ မသိဘူး... တစ်ယောက်ယောက်ကိုလဲ အရမ်းပြောပြ ချင်တာနဲ့ ကိုယ့် နဲ့ ၀ါသနာတူ မမပဲခူးသူ (မြန်မာပြည်မှာတုန်း ကကိုယ့်မန်နေဂျာ) ကို လင့်လေး ခုလို ပေးပြီး ပထမဆုံး မျှဝေလိုက်တယ် ။

" အစ်မ.... ဟိဟိ ကောင်းလား.. နောင့် ကိုယ့်ဘာသာ blog လေးလုပ်တတ်သွားပြီနော် အစ်မ.. ပျော်လိုက်တာ ဘယ်သူမှလဲ မသိကြဘူး အမပဲ သိတယ် ၊ .. သိလား "

" အေး ...မဆိုးပါဘူး...ဘယ်သူမှ မသိလဲ ငါ ဖတ်ပေးမှာပေါ့...ဆက်သာရေး " တဲ့


အဲ့လို အားပေးမှု ရခဲ့ပါတယ် ။ အဲ့ဒီတုန်းကများ ... ပျော်လိုက်တာ ... c box လဲမရှိ comment ဆိုတာ ဘယ်နေမှန်း မသိတဲ့ ကိုယ့်ရဲ့ တစ်ပုဒ် ထဲသာ ရှိတဲ့ blog အသစ်မပြည့်မစုံလေးကို ကြည့်မ၀ဘူး ။

ကိုယ်က ရုံးရောက်တာနဲ့ ကွန်ပြူတာ စဖွင့်ပြီ ဆိုတာနဲ့ မမနိုင်းနိုင်း ထဲအရင်ဝင်ပြီးတော့ အဲ့ဒီက လင့်လေးတွေက တစ်ဆင့် အိမ်လည်တာပါ။ ကိုယ့် မှာ blogအသစ်လေးပိုင်ဆိုင်ပြီး နောက်နေ့လဲ အစဉ်အလာမပြတ် အဲ့လို လည်ပြီး comment ပေးချင်တဲ့ အိမ်လေးတွေမှာ ၀င်ပေး ပြီးတော့မှ ကိုယ့် အလုပ်ထဲကို ပြန်လာတယ်။ အလုပ်ထဲ ရောက်ပြီးတော့မှ ကိုယ့် blog လေးကို သတိတရ ၀င်ကြည့်လိုက်တော့ 1 comment တဲ့ .... ကိုယ့် စိတ်ထဲသိချင်စိတ်တွေနဲ့ ဘယ်လိုဖြစ်သွားလဲ မသိဘူး.... ကိုယ့် ကို ပထမဆုံး ၀င်ပြီး comment ပေးတာက ကိုမင်းအိမ်ဖြူ.ပါ ။ တကယ်ကို ကျေးဇူးတင်ပါတယ်။ အရမ်းကိုလဲ ၀မ်းသာ ခဲ့ပါတယ် ....။


နောက်နေ့ အိမ်လည်တော့ ကိုယ့်ရဲ့ ဘလော့လေး ကိုပထမဆုံး လင့်ချိတ်ထားပေးတဲ့ အိမ်က ကိုဗီလိန်. ပါ ။ တွေ့တွေ့ချင်း ကြောင်သွားတယ်...ဟုတ်မှ ဟုတ်ရဲ့လား ပေါ့ ... နောက်ပြီး ကိုယ့်ကို ကိုယ်သိပ်ကြိုက်တဲ့ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုတာခံရတဲ့ ခံစားချက်လေး.....အရမ်းပျော်ပါတယ်။ တကယ်သိပ်ပြီး ကျေးဇူးတင်ခဲ့ရပါတယ်။


အဲ့ဒါလေးတွေက ကိုယ့်မှာ စိတ်ထဲရှိတဲ့ ရေးချင်တာလေးတွေကို ရေးဖို့ အင်အားတွေ ဖြစ်ခဲ့ရပါတယ် ။ ဒီလိုနဲ့အိမ်လေးကို လူနဲနဲချင်း သိခဲ့ပါတယ်ရှင် ။ ပြီးတော့ C box ချိတ်နည်းကို comment ထဲမှာ လာရေးပြီး သင်ပေးတာက မမသက်ဝေ.cbox လေးချိတ်ပြီးတဲ့ နေ့ကလဲ ပျော်တာပါပဲ။ နောက်ပြီး ခုလက်ရှိ အိမ်လေးထဲမှာ ရှိနေတဲ့ ပစ္စည်းလေးတွေကို ထည့်ပေးတဲ့ မေလေး. နဲ့ ထောပတ်သီး ... ။


အိမ်လေး ထဲကို လာလည် တတ်ကြတဲ့ ကိုယ့် ရဲ့ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေး တွေ အားလုံးကို အကုန် နံမည်တွေကို ချရေးရရင်ဖြင့် ပိုစ့်တစ်ခု ဘာမှ မရေးရပဲ အရမ်းရှည်သွားမှာမှာစိုးလို့ပါ ။ စိတ်ထဲမှာ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ။


နောက်ပြီး ကိုယ့် အိမ်လေးထဲက စာပုဒ်အရေ အတွက် မများသေးလို့လားတော့ မသိဘူး .... ဘယ်ခေါင်းစဉ်အောက်မှာ comment ကဘယ်နှစ်ခု ဆိုတာကို အားလုံး မမှတ်ထားရပါပဲ စိတ်ထဲစွဲနေပါတယ်...။ ပြီးခဲ့တာ ရေးခဲ့တာ အချိန်နဲနဲ ကြာသွားပြီ ဖြစ်တဲ့ စာလေး များကို ဖတ်မယ့်လူ မရှိ comment ပေးမယ့်သူမရှိဘူးဆိုတာ သိသိရက်နဲ့ နေ့တိုင်းနီးပါး ပြန် ပြန် ကြည့်တတ်ပါတယ် ။ တစ်ခါ တစ်လေ များအသစ်တစ်ခု လောက်များတိုးနေတာတွေ့ရင် အရမ်းဝမ်းသာတာပါပဲ... အသိအမှတ်ပြုခြင်း သဘောကို ဆောင်တယ်လို့ ယူဆတယ်လေ။ comment ဆိုတာ အင်အားတစ်ခုပါပဲ ..။ အဲ့ဒါကြောင့် ကိုယ့်လဲ သူများ အိမ်တွေ သွားရင် တစ်ခုခုတော့ ခြေရာလေး ချန်တတ်ခဲ့ပါတယ်။


ဒါပေမယ့် တစ်ချို့ကျတော့လဲ အချိန်အား မရှိတာ ကိုယ်ချင်းစာပါတယ် ....ကိုယ့်အိမ်ကို လာလည်တာလေးကိုပဲ အရမ်းကျေးဇူးတင်ရပါတယ် ။


နောက်ပြီး ကိုယ့် ခံစားချက်လေး တစ်ခုက မောင်နှမတွေ အားလုံးကို စိတ်ထဲရင်းနှီးချစ်ခင် နေတာပါပဲ...။ အိမ်လေးတွေ လိုက်လည် စာလိုက်ဖတ်ပြီးရင် .... အဲ့ဒီ အိမ်ပိုင်ရှင် ကိုယ်နဲ့ လဲ မသိ မမြင်ဖူးပေမယ့် စိတ်ထဲ မှာ တကယ့်အရင်းအချာလို ခံစားရတယ်..။ စာလေးတွေ ဖတ်ပြီး ပုံစံလေးတွေကို မှန်းဆပြီး မြင်ယောင် ကြည့်မိတယ်..။ ဒီစာရေးတဲ့ အိမ်ပိုင်ရှင်ကတော့ ပျော်ပျော်နေတတ်တယ်..၊ ဒီအိမ်ပိုင်ရှင်ကတော့ စိတ်ထားလေး နှုးညံ့လိုက်တာ..၊ ဒီအိမ် ပိုင်ရှင်ကတော့ မဟုတ်မခံစိတ် ရှိမယ့်ပုံပဲ...ဘာညာ အဲ့လိုလေးတွေပေါ့...။

တစ်ခါ တစ်လေ.. fw mail တွေရခဲ့လို့ကိုယ်ကတော့ ဘယ်သူရေးထားတာ သိနေတော့ ပျော်နေတာပေါ့လေ fw mail တောင်ပို့ကြတယ်ဆိုတော့ သူများ ကြိုက်ကြလို့ ဆိုပြီးတော့ ...ဒါပေမယ့် စာရဲ့ အောက်ဆုံးမှာ ဖန်တီးတဲ့သူ(ရေးသူ)နာမည်မပါ တဲ့အခါတွေများ ၀မ်းနည်းမိတယ်...။ ဘာပဲဖြစ်ဖြစ် ထည့်ပေးသင့်တာပေါ့နော်..။ မောင်နှမ တွေကို ထိလာရင်လဲ မခံတတ်ပါဘူး...ကိုယ့် သူငယ်ချင်းတွေ ကိုယ်ဘလော့ရေးတာ မသိကြပါဘူး...သူတို့ နဲ့ စကားပြောလို့ ဘလော့အကြောင်းများ ရောက်သွားရင် မောင်နှမတွေရဲ့ ကောင်းကြောင်းလေးတွေ ပြောကြရင် အရမ်းဝမ်းသာတာပဲ...ဒါပေမယ့် ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်ရင်တော့ မကြိုက်ဘူး.. တစ်ခါတစ်လေ စကားတောင် များရပါတယ်..း) ။

ဘာပဲဖြစ်ဖြစ် ...ဒီလောကလေး ထဲမှာ နေရတာ ပျော်တယ်..။ ပျော်အောင်လို့ မောင်နှမတွေ ကလဲ စောင့်ရှောက်ကြတယ်...။ တကယ်တော့ မြင်ဖူးတဲ့သူဆိုလို့ မမ၀ါ ၊ မမ မနိုင်းနိုင်း ၊ မေလေး ရယ် နွေးနေခြည် ရယ် ပဲ ရှိပါတယ်..။ အဲ့ဒါကလဲ ...ဓာတ်ပုံပဲ မြင်ဖူးတာပါ ။ ဒါပေမယ့် အားလုံးကို မမြင်ဖူးပေမယ့် သံယောဇဉ်က အများကြီးပဲ ။ အားလုံးပဲ ထပ်တူ ခံစားရမယ်လို့ ထင်ပါတယ်..။ တကယ်တော့ ဒီဘလော့လေးက ကိုယ့်ရဲ့ တကယ့်ကို အဖော်မွန်ကောင်းလေးပါပဲ.....မမြင်ရပဲနဲ့ဖြစ်တဲ့ သံယောဇဉ်လေးတွေလဲ တိုးပွားစေတယ် ။ ကိုယ့်ရဲ့ အဖော်မွန်ကောင်း ဘလော့လေး အတွက် အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ် ရှင်..။



" ကိုသားကြီးရေ...စိတ်ထဲ ခံစားရသလိုလေး ရေးလိုက်ပါတယ်... ရင်နှင့်ရင်း၍ ဆိုတဲ့ နာမည်လေးကို နောင့် ရဲ့ အဖော်မွန်လေး လိုခံစားရလို့ နာမည်လေး ပြောင်းပြီး ရေးလိုက်ပါတယ်ရှင်..." ။

Wednesday, July 15, 2009

နောက်ဆုံး အချိန် (နောင်တ)

" အမလေး သားလေး ရယ် မင်းတော့ ဒီဝဋ် ကကျွတ်သွားပြီပေါ့နော်... ကောင်းပါတယ် သားလေးရယ် မင်းကို မသေစေချင်ပေမယ့်... ဒီလောက်ဝေဒနာ ခံစားနေရတာကိုလဲ မကြည့်ရက်တော့ပါဘူး... "

ဘေးကုတင်မှ ရုတ်တရတ် အော်ငိုလိုက်သံကြောင့် အိပ်ပျော်နေတာ မဟုတ်ပဲ မိန်းမောနေရာမှ မျက်လုံးဖွင့်ကြည့်မိသည် ။ အော် သွားပြန်ပြီးပေါ့ တစ်ယောက် ။ ကျွန်မအလှည့် လဲ မကြာခင်ရောက်လာတော့ မှာပါ ။ အဘွားကြီး ငိုနေတာကို ကြည့်ပြီး အမေ့ ကိုပြင်းပြင်းထန်ထန် သတိရမိတယ် ။ အမေဆိုရင်လဲ ငိုမှာပဲပေါ့နော်...ဒါပေမယ့် အမေရယ်..။


အတွေးတွေကို မရှည်ချင်တာကြောင့် ဘေးဘီကို ဝေ့ကြည့်လိုက်တော့ တကယ့်ကို သေခါနီးလူမမာများ ပတ်လည်ဝိုင်းရံနေသော နေရာတစ်ခု ။ ဆေးရုံ ....ဟုတ်တယ် ဆေးရုံတောင်မှ အထွေထွေရောဂါကု ဆေးရုံမဟုတ်ပါ..လူအများ ရွံ့ကြောက်လှသော ဝေဘာဂီ ဆေးရုံကြီးမှာပါ ။ လွန်ခဲ့တဲ့ 2ပါတ်လောက်က စပြီး နေနေရတဲ့နေရာ တစ်ခုပေါ့ ၊ ခုထိ အသားမကျသေး အသားကျစရာ အကြောင်းလဲ တစ်စက်မှ မရှိပါ....။ ကိုယ်တိုင်သည်လဲ....မျက်တွင်းဟောက်ပတ် အရိုးခြောက်နဲ့၊ တစ်ချို့ အနာ ဗရပွနဲ့၊ တစ်ချို့ ညီးညူအော်ဟစ်လို့ ပြုစုစောင့်ရှောက်မယ့်သူမရှိ၊ ဟိုကြည့်လဲ ဒီရုပ် ဒီကြည့်လဲ ဒီရုပ် ၊ ကြောက်စရာ ကောင်းလှပါသည် ။ ဒါပေမယ့် တစ်ချို့.....မိသားစု ရဲ့ အပြုအစု အစောင့်ရှောက်ကောင်းမှု တွေကိုခံရတဲ့ လူတွေကတော့ နဂိုရုပ်ကမပျက်ကြသေး တဲ့သူကတော့ မပျက်ကြသေးဘူးပေါ့။ အင်း.....ကံဆိုးလို့ ဒီရောဂါရပေမယ့် ကံကောင်းလို့ မိသားစု ရဲ့ ပစ်ပယ်ထားခြင်း ကိုမခံရသေးသူတွေပေါ့ ။

ကျွန်မ .... ကျွန်မ ကတော့ မိသားစုကို ဒီ့ထက်ပိုပြီး ဒုက္ခပိုမပေးချင်တော့ပါ ။ ဒီရောဂါ ရနေမှန်းသိရင် ရွာက အဖေအို နဲ့ အမေအို ကျွန်မထက် အရင် သေလိမ့်မယ် ထင်ပါတယ် ။ အဖေ နဲ့ အမေ တို့ရဲ့ အသက်ကြီးမှ ရတဲ့တဦးတည်းသော သမီး ကျွန်မဟာ ရွာငယ်လေး မှာ မထင်မရှား မွေးဖွားလာခဲ့ ပေမယ့် သိတတ်တဲ့ အချိန်ကစပြီး ထင်ရှား ချင်လာတယ် ။ ရွာထဲမှာ စာတော်တော့ ထင်ရှားတယ် အဲ့ဒါကြောင့် ကျွန်မ စာတော်အောင် ကြိုးစားခဲ့ တယ် ။ 10 တန်းအောင်ရင် ထင်ရှားတယ် ။ ဒါကြောင့် ကျွန်မ 10 အောင်အောင် ကြိုးစားခဲ့တယ် ။ အသက်ကြီး နေကြပြီဖြစ်တဲ့ အဖေ နဲ့ အမေ ကတော့ သမီးလိမ္မာ အတွက် ပင်ပန်းကြပေမယ့် တပြုံးပြုံးနဲ့ပေါ့ ။ အသက်ကြီးမှ ရတဲ့ ကလေး ဖြစ်တဲ့အပြင် စာတော်တယ်ဆိုပြီး ဘာအလုပ်မှ မခိုင်းခဲ့ ပါဘူး ။ ကျွန်မကိုယ်တိုင်ကလဲ စာကျက်ရမှာကို အခွင့်ကောင်းယူပြီး ဘာတစ်ခုမှ မကူညီခဲ့ပါဘူးလေ ။ အဖေအိုကြီး ကျွန်မအတွက် ရေခပ်ပေးနေတာတောင် ရေပြည့်မှ ရေချိုးဖို့ ရေကန်ကို သွားခဲ့တဲ့ ကျွန်မပါ ။ အမေအိုကြီး ကျွန်မအတွက် ထမင်းချက်ပေး နေတာကို ထမင်းခူးပြီးမှ ထမင်းစားပွဲ အရောက်သွားခဲ့တဲ့ ကျွန်မ ပါ ။

ဒီလိုနဲ့ပေါ့ .....(10)တန်းလေးအောင်လာတော့ ကျွန်မ တက္ကသိုလ် တတ်ချင်တဲ့ ဆန္ဒတွေ တားမရခဲ့ဘူး။ အသက်ကြီးပြီဖြစ်တဲ့ အဖေ နဲ့ အမေက ကျွန်မကို (10)တန်းအောင်တဲ့ ထိကျောင်းထားတာတောင် ဟိုဟာလေး ရောင်းလိုက် ၊ ဒီဟာလေး ရောင်းလိုက် နဲ့ ဆိုတာ သိပေမယ့် ကျွန်မက

" အဖေ တို့က.... အသုံးကို မကျဘူး ၊ ဒီရွာမှာ ဒီနှစ် (10)တန်းအောင်တာ ကျွန်မ တစ်ယောက်ထဲ ရှိတာ ၊ တက္ကသိုလ်လေး တောင် မထားပေးနိုင်ဘူးလား... ဘာတာဝန်ကျေလဲ .. "


" အမေ ... ကျွန်မ ကဘာဆက်လုပ်ရမှာလဲ... 10 တနုးအောင်ပြီး ဘာဆက်လုပ်ရမှာလဲ ....ပြောပါဦး."


မှုန်ရီရီ မျက်ရည်ဝေ့နေတဲ့ မျက်လုံးလေး နဲ့ ကျွန်မ ကိုငေး ကြည့်ပြီး အမေ ဘာမှ မပြောတတ်ပါဘူး...။ ကျွန်မက အဖေ့ ကိုတောင်းဆိုနေချိန်ဆို အားကိုးတကြီးနဲ့ အဖေ့ ဘတ်ကို လှည့်ကြည့်ကာ ကြည့်ကာ နဲ့ပေါ့ ။ အဖေ လဲ သက်ပြင်းတစ်ရှိုက်နဲ့

"သမီးလေးရယ် .... အဖေ တို့ကို အချိန်ပေးပါဦးနော်.. အဖေ တို့လဲ အသက်ကြီးပြီဆိုတော့ သူရင်းငှား လဲ ကိုယ်က လုပ်ချင်ပေမယ့် သူများတွေက မငှားချင်တော့ဘူးလေ...။ ဒီအိမ်ခြံလေး ကိုပေါင်နှံပြီး ပေးဖို့ကလဲ အဖေ တို့မှာ ပြန်ရွေးနိုင်တဲ့ အင်အား မရှိဘူးလေ သမီးလေးရယ်...အဖေ တို့ ..... အဖေ တို့ တာဝန် မကျေဘူး....ဟုတ်တယ် တာဝန်မကျေဘူး "

ဆိုပြီး တိုင်နဲ့ ခေါင်းကို ဆောင့်ကာ ဆောင်ကာနဲ့ ပြောနေတော့....


" အမလေး ..... မလုပ်ပါနဲ့ ကိုရင်ရယ်"

ဟီးချ ငိုလိုက်တဲ့ အမေ့ အသံ..... " အိုး အားလုံး သွားစမ်းပါ..... ပြီးကျရင် ဒီလိုကြီးပါပဲ "
ကျွန်မ အားလုံးကို စိတ်နာတယ်...။ ဒါနဲ့ပဲ ကျွန်မ ဘာဆက်လုပ်ရမလဲ .....။


အဲ့ဒီ အချိန်မှာ ကျွန်မတို့ အိမ်ရှေ့ ကနေတဲ့ ကျွန်မ လုံးဝ အထင်မကြီးတဲ့ နီနီ တစ်ယောက် ရွာကို ပြန်လာပါတယ်...သူ ကမဲဆောက်သွားပြီးအလုပ်လုပ်နေတာလေ ။ ငွေကြေးလေး အသင့် အသင့် ပါလာပြီးတော့ သူ့ မိဘတွေကို ပေးတာ တွေ့တယ် ။ နောက်ပြီး ၀တ်ပုံစားပုံ လေးကလဲ..... အရင်က နီနီ မဟုတ်တော့ပါဘူး ။ အရင်က လုံးဝ အထင်မကြီးတဲ့ နီနီ ကိုကျွန်မ ပြုံးပြ နှုတ်ဆက် ပြီးအခြေအနေ တွေကို စုံစမ်းကြည့်မိတယ် ။ ဖြစ်နိုင်ရင် နီနီ ပြန်ရင် ကျွန်မ လိုက်ချင်တယ်လို့ပြောတော့....နီနီ ကပြောတယ်...

"အရမ်း ပင်ပန်းတယ် နင် လုပ်နိုင်မှာ မဟုတ်ပါဘူး " ...


" ဘာလို့ မလုပ်နိုင်ရမှာလဲ နီနီရယ် ... ငါဒီရွာလေး မှာလုံးဝကို မနေချင်တော့ဘူး ...ငါ့ အတွက် တတ်လမ်းလဲ မရှိဘူး ငါ့ကို ကူညီပါဟာ ။ ငါ အဲ့ဒီမှာ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်...ပြီးရင် ကျောင်းလာပြန်တတ်မယ်လေ ... ငါ့ကို အိမ်က ကျောင်းမထားပေးနိုင်တော့ဘူး ဟ"


" ဟိုမှာ ပိုဆိုးတယ် ... ဘာတတ်လမ်းမှ မရှိဘူး... တနေကုန် တညလုံး စက်ပဲ ချုပ်နေရတာလေ... အပြင်ကို တစ်လ မှတစ်ခါ ထွက်ခွင့် ရတာ...အဲ့ဒါတောင် အချိန်ပိုင်းလေးနဲ့ ...ပြီးတော့ နင် ရောက်ရောက်ချင်း အလုပ်သမား ကဒ်ရဦးမှာ မဟုတ်ဘူး... အဲ့လို ကဒ် မရသေးတဲ့ အချိန်ဆိုရင် နင် အပြင်ကိုတောင် ထွက်လို့ ရဦးမှာ မဟုတ်ဘူး "


ကျွန်မသူဘာပြောပြော ဂရုမစိုက်ခဲ့ပါဘူး ....ကျွန်မ ကြီးပွားမှာကို မနာလိုလို့ ပြောတယ်ဆိုပြီး စကားနာ ထိုးတော့မှ နီနီ ကလိုက်ကြည့်ပေါ့ လို့ ပြောပါတယ်..။ ကျွန်မ ၀မ်းသာ အားရ အမေ နဲ့ အဖေ ကိုပြောပြီး လမ်းစားရိတ်တောင်းတော့....

" သမီးလေး ရယ်... မသွားပါနဲ့ ပင်ပန်းပါတယ်... အဖေလေ၊ ကိုသိန်းဝင်း (ကျွန်မတို့ရွာလေး ရဲ့ မူလတန်းကျောင်းအုပ်)ကိုအကူအညီတောင်း ထားတယ်...သမီးရဲ့ ၊ ငါ့သမီးလေး ကိုကျောင်းဆရာမ ခန့်ဖို့ပေါ့ .... စောင့်လိုက်ဦးနော် သမီးလေး "


" ဟား... အဖေ တို့ကလဲ လုပ်ပြီ ၊ သမီးက ကျောင်းဆရာမ လုပ်ချင်တယ်ပြောလို့လား ....လစာလေး နှစ်ပဲ ခြောက်ပြားနဲ့ မလုပ်ချင်ပါဘူး ...မဲဆောက် ကိုသွားမယ်...ပိုက်ဆံစုပြီး ကျောင်းလာပြန်တတ်မှာ... အဖေ တို့ မထားပေးနိုင်လို့ ကိုယ့်ဘာသာ ရှာပြီးတတ်မှာ..ခု လမ်းစားရိတ်လေးပဲ ထုတ်ပေး "

" သမီးလေး ရယ်.... စဉ်းစားပါဦး "

" ဟား..တော်ပါတော့ အမေရယ်.... လမ်းစားရိတ်လေးပဲ လုပ်ပေးပါ..."

ဒီလိုနဲ့ ကျွန်မ နီနီ နဲ့ အတူ မဲဆောက်ကို ထွက်လာခဲ့တယ် ။ အပျံသင်ကာစ ကျွန်မ မျှော်လင့်ချက်တွေ တသီကြီးနဲ့ပေါ့ ။ လမ်းခရီး ကြမ်းတမ်းတော့ ကျွန်မ နဲနဲလေးတော့ စိတ်ညစ်မိတယ် ။ နီနီ ကတရားဝင် ဆိုပေမယ့် ကျွန်မက ကဒ်မရှိတော့ သူပါ ပုန်းလျှိုးကွယ်လျှိုး လုပ်လာရတာပေါ့ ။ ဒီလိုနဲ့ စက်ရုံမှာ အလုပ် စလုပ်ခဲ့တယ် ။ ညမှာ (12) နာရီလဲ မအိပ်ရ (1) နာရီလဲ မအိပ်ရ ၊ ကျွန်မ ငိုခဲ့ရပါတယ် ။ ဒီလောက်ပင်ပန်း တာမပြောနဲ့ ကျွန်မက ဆင်းရဲပေမယ့် ရေတောင် ကိုယ့်ဘာသာ ခပ်ချိုးခဲ့တာ မဟုတ်ဘူး ။ ကျွန်မ အလုပ်လဲ မလုပ်နိုင်ဘူး ၊ ပြန်လဲ မပြန်ချင်ဘူး ။


ကျွန်မ အရမ်းကို စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရတယ် ။ တစ်လမှာ လစာ ထုတ်တဲ့ ရက်လေး တစ်ရက်ပဲ နားရပါတယ် ။ ဒါပေမယ့် ကျွန်မ အပြင်ထွက်ခွင့် မရှိဘူးလေ ။ အလုပ်သမား ကဒ်မှ မရှိပဲ... ဒါပေမယ့် ကျွန်မ နီနီ့ကို အပူကပ်ခဲ့တယ် ။ နီနီ ကလဲ ကျွန်မကို တော်တော်သနားနေပြီ ထင်ပါရဲ့ ။ အေး ငါတို့နဲ့ နီးနီးနားနား သွားကြတာပေါ့ ဆိုပြီး အပြင်ကို ကျွန်မ ပထမဆုံး အကြိမ် ထွက်ခဲ့ပါတယ် ။ အဲ့ဒီမှာ ကျွန်မ ကိုလှမောင်ကြီး ကို စတွေ့တာပါပဲ ။


ကိုလှမောင်ကြီးဆိုတာကတော့ ဒီမှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ ပိုက်ဆံတွေကို ဆိုင်ရာအိမ်တွေကိုပို့ပေး၊ အိမ်တွေက ပြန်ပို့ပေးတဲ့ စာလေးတွေ၊ ပစ္စည်းတွေကို သယ်ပေးတဲ့ တစ်ယောက်ပါ။ အရင်ကထဲက ရွာမှာ ငွေလာပို့လိုက် ပစ္စည်းတွေ လာယူလိုက်လုပ်နေပေမယ့် ကျွန်မ သူ့ကိုသတိလဲမထားမိခဲ့ဘူး ကျွန်မနဲ့လဲ မဆိုင်ဘူးလေ။ ခုတော့ ကျွန်မ လူစိမ်းတွေ အလယ်မှာ သူက မျက်မှန်းတန်းမိပြီးသား(သူလဲကျွန်မကိုသိတယ်) လူလဲဖြစ်တော့ ကျွန်မ ဒီမှာ အလုပ်မလုပ်နိုင်တော့တဲ့အကြောင်း ဒါပေမယ့် အိမ်လဲ မပြန်ချင်ကြောင်း ပြောပြမိတယ် ။ ကိုလှမောင်ကြီးက မပူနဲ့ သူ့မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ် သူကူညီမယ့် အကြောင်းပြောတော့ ကျွန်မအတွက် တော့ ရွှေတောင်ကြီးပေါ့ ။

အဲ့ဒီနောက်မှာ ကိုလှမောင်ကြီးက တစ်လတစ်ခါ ခပ်ချောချော စတိုင်မိမိ ကောင်မလေးတွေကို ခေါ်လာပြီးတော့ နင်သူတို့အလုပ်မှာ လုပ်မလား ပိုက်ဆံအများကြီး ရတယ် ပင်ပင်ပန်းပန်းလဲ မလုပ်ရဘူး ကြွကြွ ရွရွလေး နေရတယ်လို့ပြောပါတယ် ။ ကျွန်မလဲ သူခေါ်လာပြီး မိတ်ဆက်ပေးတဲ့ ကောင်မလေး တွေကိုကြည့်လိုက်တော့ အ၀တ်အစားက အပျံစား ဟန်းဖုန်း ကိုယ်စီနဲ့ အားကျစရာကြီးတွေပါပဲ။ ကျွန်မ စိတ်ထင် သူတို့က ကျွန်မ ဗွီဒီယို တွေထဲမှာ ကြည့်ဖူးတဲ့ ကုမ္မဏီမှာ အလုပ်လုပ်တဲ့ သူတွေဖြစ်မယ်လို့ ထင်ခဲ့တယ် ။

အဲ့ဒီနောက် ကျွန်မ နီနီ ကိုအလုပ်မလုပ်တော့ဘူးလို့ပြောတော့ နီနီ ကအံ့သြတကြီးနဲ့ ရွာပြန်မှာလား အမေးကို မဟုတ်ဘူး အလုပ်ကောင်းကောင်းတစ်ခု ဆက်မိလို့ ဆိုတော့....

" ဘယ်အလုပ်လဲ ... သေချာရဲ့လား ၊ ဘယ်အလုပ်ရုံမှာလဲ...ငါ့တောင် အသိမပေးပါလား ဟယ် "

" နီနီ ကလဲ အစကမသေချာလို့ပါ... ခုတော့ သေချာသွားလို့..နင်...နင့်အိမ်ကိုစာထည့်ရင် အမေ တို့ကို ငါအလုပ်ကောင်းကောင်း ရနေပြီ ... နောက်မှ ငွေပို့တော့မယ်လို့ ပြောလိုက်နော် "

ဆိုပြီး ထွက်လာခဲ့တယ် ။ နောက်မှာ နီနီ ဘယ်လို အတွေးတွေ နဲ့ကျန်ခဲ့လဲ မသိဘူး ၊ သိလဲ မသိချင်ဘူး..။

ကျွန်မတကယ်ပဲ မပင်ပန်းပဲနဲ့ ပိုက်ဆံများများရတဲ့ အလုပ်ကို လုပ်တတ်ခဲ့ပါတယ် ။ ဒါပေမယ့် အဲ့ဒီရက်တွေက ကျွန်မ အတွက် ငရဲခန်းပဲ။ ကိုလှမောင်ကြီး ကို ရွှံ့ခြာ မုန်းတီးလှပေမယ့် ကြောက်လန့် တကြားငိုးကြွေး ခဲ့ရတဲ့ နေ့တွေ လွန်လာတော့ ကျွန်မ ထုံကျင်လာခဲ့တယ် ။ ကျွန်မ ကျရာ ဘ၀ မှာပျော်တတ်အောင် နေခဲ့တယ် ။ ကျောင်းတတ်မယ့် ရည်မှန်းချက်တွေ ကြက်ပျောက်၊ ငှက်ပျောက် ....လမ်းလျှောက်ရင်း လမ်းပျောက်ပေမယ့် ပျောက်သောလမ်းမှာ ကျွန်မ ပျော်ပျော်ကြီး လျှောက်ခဲ့တယ် ။ အဖေ နဲ့ အမေ ကို ရတဲ့ ပိုက်ဆံ ရဲ့ ၅ ပုံ ၁ ပုံ လောက်ပဲ ပို့ပေးတယ် ။

ဒီလိုနဲ့ပဲပေါ့... တစ်ခါ တစ်ခါ ကျွန်မ ဖျားချင်သလိုဖြစ်တယ်။ ၀မ်းလျောတယ် ။ ဒါပေမယ့် ဆေးမီးတိုလေးတွေ နဲ့ပျောက်သွားလိုက်ဆိုတော့ ကျွန်မ အမှုမထားခဲ့ဘူး ။ တစ်နေ့တစ်ခြား လျှော့လျှော့သွားတဲ့ ကိုယ်အလေးချိန်ကိုလဲ ကျွန်မ ဂရုမထားမိဘူး...ခုခေတ်ကြီးက ပိန်မှ ကြည့်ကောင်းတာပဲ..။ တစ်နေ့တော့ ကျွန်မ ဗိုက်အရမ်းကိုအောင့်ခဲ့ပါတယ် ။ဘယ်လိုမှ မခံစားနိုင်တော့ဘူး အဲ့ဒါကြောင့် ကျွန်မ အဖော်ကို တောင်းပန်ပြီး ကိုလှမောင်ကြီး ကိုရှာခိုင်းလိုက်တယ် ။ ဒါပေမယ့် ကိုလှမောင်ကြီးရောက်လာတော့ ကျွန်မ သတိမရတော့ပါဘူး ။ သတိရတဲ့အချိန်မှာ မြ၀တီမြို့ထဲ ကိုပြန်ရောက်နေပြီလေ ။ ကိုလှမောင်ကြီးက ပြောတယ် .
" နင် ရန်ကုန်မှာ ဆေးရုံတတ်ရမယ် "

" ဟင် .... ဒီမှာ တတ်လို့ မရဘူးလား ...ကျွန်မ ရန်ကုန်မှာ ဘယ်သူနဲ့ မှ အသိမရှိဘူး "

" ဒီမှာရော ..နင်ဘယ်သူနဲ့ သိလို့လဲ... ဒီမှာ မရဘူး ၊ ငါလိုက်ခဲ့ပေးပါ့မယ် .. နင်တတ်လိုက်ပါ"

ဒီလိုနဲ့ပဲ .... ဒီလိုနဲ့ပဲ ကျွန်မ ဒီဆေးရုံကို ရောက်ခဲ့ရပါတယ်။ ကျွန်မ ဘာရောဂါ ဖြစ်မှန်း မသိခဲ့ဘူး ။ နောက်မှ ကိုလှမောင်ကြီး ပြောပြတော့ ကျွန်မ ကမ္ဘာတစ်ခုလုံး မှောင်မိုက် ၊ ဘာဆို ဘာမှ မသိတော့ပါဘူး ။ အရင်ဆုံး သတိရတာက မိဘ နှစ်ပါး ၊ ခလုတ်ထိမှ အမိတ မဟုတ်ပေမယ့် တကယ် တ ခဲ့ရပြီ ။ ပြီးတော့ မသိစေချင်ဘူး... ကျွန်မ မိဘနှစ်ပါး အသက်ကြီးလှပြီ .... မသိစေချင်တော့ပါဘူး ။

" ကိုလှမောင် ကျွန်မ အကြောင်းကို အဖေ နဲ့ အမေ ကိုမပြောပါနဲ့ ၊ ရွာက လူတွေလဲ မသိစေပါနဲ့နော် ... ကျွန်မ ရှက်လို့ မဟုတ်ပါဘူး...ကျွန်မ ကြောင့် အဖေ နဲ့ အမေ အသက်ကြီးမှ သမီးမိုက်ကြောင့် အရှက်မရ စေချင်လို့ပါ ... ကျွန်မ တောင်းပန်ပါတယ်"

" အေးပါ... စိတ်ချပါ ငါလဲ နင်နဲ့ ဘ၀တူပါပဲ ..ငါ မကြာမကြာလာမယ် ..နင့် ဘာသာ နင် ဂရုစိုက်.. ငါပိုက်ဆံ ထားပေးခဲ့မယ် "

ကိုလှမောင်ကြီး ပြန်ပြီးတဲ့နောက် ကျွန်မ တစ်ယောက်ထဲ ကျန်ပါတော့တယ်...။ ကျွန်မတို့လို လူမမာတွေက ခုခံအားကျနေတော့ ဘယ်ရောဂါမဆို ၀င်ရောက်လာဖို့က သိပ်ကို လွယ်ကူတယ်လေ ။ ကိုယ်တိုင်ကလဲ ဘာရောဂါမှန်း မသေချာတော့ ဘာကိုမှ ဂရုစိုက်ရကောင်းမှန်း မသိခဲ့ဘူး။ ခုလဲပဲ ကျွန်မ က ဒီရောဂါနဲ့ စပ်လျှင်းပြီးတော့ ရခဲ့တဲ့ TB ပိုးက ဗိုက်ထဲ ရောက်ပြီး အူTB ဖြစ်တော့ ဗိုက်က မခံရပ်နိုင်အောင် အောင့်ပြီး ဆေးရုံ ဆေးခန်း ရောက်မှ ဘာရောဂါလဲ ဆိုတာ သိလာရတာပါပဲ..။ ဗိုက်အောင့် တဲ့အချိန်တွေကလွဲပြီး ကျန်တဲ့ အချိန် ကျွန်မ လမ်းလျှောက်နိုင်ပါတယ်။ သေမိန့် ကျခံနေရတဲ့ လူတွေရဲ့ မျက်နှာတွေ ၊ ဘေးကုတင် က သေလုသေခင် အောက်စီဂျင် ပေးနေရတဲ့ မျက်ဖြူလန် နေတဲ့ မျက်နှာတွေ ၊ ဘာအကြောင်းတွေ နဲ့ များ ဖြစ်လာတာပါလိမ့် ။ ကျွန်မ လိုလား ...ဒါဆို ဘေးဆောင်က ကလေးလေး တွေကရော ဘယ်သူ့ အပြစ်ကြောင့်လဲ ၊ ဝေဒနာကို အလူးအလဲ ခံစားနေရတဲ့ မိဘမဲ့ ရောဂါသည် ကလေးလေး တွေ သူတို့မှာ အပြစ်ရှိပါသလားကွယ် ။ ကျွန်မ မသေခင်လေးမှာ ၊ လမ်းလျှောက်နိုင်တုန်း လေးမှာတော့ တစ်ခါမှ မစဉ်းစားမိဖူးတဲ့ ကုသိုလ်လေး တစ်ခုခုကို ယူချင်ပါသေးတယ်။ ဘာလုပ်ရမလဲ...ခုချိန်မှာ လုပ်နိုင်တာဆိုလို့ များများစားစားလဲ မရှိပါဘူး ၊ စဉ်းစားမိလိုက်တာ တစ်ခုကိုပဲ အကောင်အထည် ဖော်လိုက်တယ်လေ ။

အဲ့ဒါကတော့ ... ဆေးရုံက မနက် ကော်ဖီ၊ နေ့လည် ထမင်း ၊ ညနေ ထမင်း ကျွေးပါတယ် ၊ ထမင်းလေး တောင် ထယူဖို့ လမ်းမလျှောက်နိုင်တော့တဲ့ ဘ၀တူ ရောဂါသည်တွေကို ထမင်း ယူပေးပါတယ် ။ အရင်က စိတ်ထဲ ရွှံ့မိပေမယ့် စဉ်းစားလိုက်တော့ ကိုယ်လဲ ဒီလိုရောဂါဖြစ်နေတဲ့ သူပဲ..ဘာများ ပိုပြီး ကိုယ်က သူတို့ထက်သာနေလို့လဲ..အဲ့ဒါကြောင့် သူတို့ မတတ်နိုင်တာ ကိုယ်တတ်နိုင်တာလေးတွေကို လုပ်ပေးပါတယ်။ လူနာဆိုပေမယ့် ကိုယ့်လက်ထဲ ပိုက်ဆံလေး တော့တစ်ကျပ်ဖြစ်ဖြစ်တစ်ပဲ ဖြစ်ဖြစ် ကိုင်ထားချင်မှာပဲပေါ့..။ ဒါပေမယ့် တစ်ချို့ တစ်ပြားမှာကို ရှိမနေပါဘူး ဆေးရုံက ကျွေးတဲ့ ထမင်း နဲ့၊ ပေးတဲ့ ဆေးလေး တွေကြောင့် အသက်ဆက်နေတာပါ ။


တစ်ခါတစ်လေ တော့လဲ အလှုရှင်တွေ လာတယ် ... ထောင်တန်အုပ်လေးတွေ ကိုင်ပြီးတော့ တစ်ကုတင်ချင်းစီ လိုက်ပေးနေတာ.... လေးစားလိုက်တာ ၊ အားကျလိုက်တာ ၊ ကျွန်မ လက်ထဲ ပိုက်ဆံတွေ ရှိနေတုန်းက ကျွန်မ ဘာတွေ လုပ်ပစ်ခဲ့လဲ.... ၊ ကျွန်မ သူများအကျိုးအတွက် ဘာမှ မလုပ်ခဲ့မိဘူး ၊ မိဘ ကိုတောင် တစ်ခါ တစ်ရံ မှ ပြန်ပို့တာ ။ အိုး... ပြန်မတွေးချင်ဘူး ၊ ခုနေရတာ လောက ငရဲထဲမှာ ဒီ့ထက်ဆိုးတာ ဘာရှိဦးမလဲ ၊ သေချင်လဲ သေပါစေတော့ ။ မသေချင်လေး မှာခဲ့ချင်ပါတယ် ကျွန်မလို မမိုက်မဲပါနဲ့နော်...။ ရှိတဲ့ ပိုက်ဆံတွေကို အကျိုးရှိအောင် သုံးပါ ။ နောက်ပြီးတော့ မိဘ၊ ကိုယ့်မိဘ စိတ်ဆင်းရဲ အောင် လုပ်မိရင် ကိုယ်ပြန်ခံရတာ၊ စိတ်ဆင်းရဲရတာက (10)ဆ မကပါဘူးရှင် ။ ခုချိန်မှာ ကျွန်မ အဖြစ်ချင်ဆုံးက ကျွန်မ ရဲ့ မိဘနှစ်ပါး ကို လက်စုံမိုးပြီး ရှိခိုးကန်တော့ တောင်းပန်ချင်တာပါပဲ ..... ဒါပေမယ့် ကျွန်မ ဘယ်လို ခွန်အားမျိုးနဲ့ အသက်ကြီး နေပြီ ဖြစ်ကြတဲ့ မိဘတွေ ကို ဒီလိုနေရာမျိုး ခေါ်ရက်ပါ့မလဲ ရှင်....။ အရင်တုန်းကသာ သူတို့ စီစဉ်ပေးတဲ့ အတိုင်း ရွာမှာ ကျောင်းဆရာမလေး လုပ်ခဲ့မိရင်......အိုး တော်ပါပြီလေ ..ပြန်စဉ်းစားနေလဲ ခုမှတော့ ဘာအကျိုးမှ မရှိတော့တာပဲ ။

ခုတော့ ကျွန်မ ကိုယ်တိုင် လမ်းမလျှောက်နိုင်တော့ပါဘူး....။ မနက်က ကော်ဖီကတော့ ကုတင်ဘေးက စားပွဲပေါ်မှာ ရောက်နေပါရဲ့ ...ဒါပေမယ့် အဖုံးမရှိတဲ့ ခွက်ထဲက ကော်ဖီတွေက ချောင်ဆိုးသံတွေ ညံစီပြီး တော့ သေခါနီးလူမမာတွေ ပတ်လည် ၀ိုင်းနေတဲ့ စားပွဲ ခုံပေါ်မှာ ... ကော်ဖီခွက် ကို လက်လှမ်းဖို့တောင် အားမရှိ.......ဒီလိုနဲ့ ပြီးသွားရတော့မှာပေါ့.... အမေ .... အမေ့ကို တမ်းတ မိချိန်မှာ မျက်တွင်းဟောက်ပတ်ထဲ ထဲမျက်ရည်စက် တွေက ပါးပေါ်တောင် လိမ့်ဆင်းကျဖို့ အားမရှိတော့သလို... မိဘနှစ်ပါး နဲ့ ရတနာ သုံးပါး ကို နောက်ဆုံးအချိန်လေး မှာ စိတ်ရည်မှန်းပြီး ဦးချ ကန်တော့ ဖို့ လက်တွေကို တဖြည်းဖြည်း ရင်ဘက်ပေါ် တင်ဖို့ ကြိုးစားရင်း................။

Thursday, July 9, 2009

လိမ္မာပါတော့မယ်...

ညကလဲ တော်တော် နဲ့ အိပ်မပျော်ပဲ ခုတော့လဲ အစောကြီး နိုးနေပြန်တယ်..။ ဒီနေ့ စနေနေ့ ပါလား.... ကျောင်းလဲမတတ်ရပဲ နဲ့ ဘာလို့ အစောကြီးနိုးနေ ရတာလဲ ...ပြီးတော့ အရင်ဆုံး သတိရတာ...ကိုကို ..ဟုတ်တယ် ကိုကို ပါပဲ ။ စနေ၊တနင်္ဂနွေ နေ့တွေလဲ ... သဲ အတွက် အဓိပ္ပါယ် မရှိတော့ပါဘူး ကိုကို ရယ်.....။ မျက်လုံးများကို ပြန်မှိတ်လိုက်တော့...... ကိုကို့ ပုံရိပ်...
" သဲ....မင်းလုပ်ရပ်တွေကို ငါ မကြိုက်တော့ဘူးနော်. နောက်ထပ်မပြောချင်တော့ဘူး...မင်းဘာသာ ဆင်ခြင်တော့ "
ကိုကို က မင်း နဲ့ ငါပြောနေပြီဆိုတော့ တော်တော် စိတ်ဆိုးနေပြီဆိုတာ သိပေမယ့်..

" သဲ ကဘာလုပ်နေလို့လဲ.....ကိုကို သဲကို အဲ့လိုမပြောနဲ့ "
"မင်းကို ငါ ဘယ်နှစ်ခါ ပြောရမလဲ....မင်း chat ချင်ရင်.... နောက်ထပ် account တစ်ခုဖွင့်ပြီး chat ဖို့.. နောက်ပြီး မင်းရဲ့ ဖုန်းနံပါတ်တွေ ၊ အိမ်လိပ်စာတွေ မပေးဖို့ ... "

"ခုတော့ ....မင်း account ထဲမှာ ... သိတဲ့ လူတွေရော ၊ မသိတဲ့ လူတွေ ရော.. ရှုပ်ပွ နေတာပဲ" "တကယ့် မိတ်ဆွေ တွေ ဆိုတာလဲ အသိသာကြီး ...ခု မင်း chat နေတဲ့ အမေရိကား က ကောင်ကို ငါ သိပ်ကြည့်မရဘူးနော်...စကားပြောတာ ကြည့်ထဲက ဒီကောင် ဘယ်လိုကောင်လဲ ဆိုတာ ယောက်င်္ကျားချင်း သိတယ်.."


" ခု သဲ ဘယ်မှာ အဲ့ဒီလူနဲ့ chat တော့လို့လဲ "

" ဟုတ်ပါပြီ...မေ့ပြီး ပြန်ပြောမိမှာ စိုးလို့ ပြောတာ "

အမှန်တွေကို ပြောနေပေမယ့်....သဲ မျက်နှာ စူပုတ်ထားမိတယ် ။ ကိုကို မသိဘူးလား ... သဲ ကိုကို့ တစ်ယောက်ထဲကို ချစ်တယ်ဆိုတာ ။ အလကား ပြသာနာလိုက်ရှာနေတယ် ။ chat တယ်ဆိုတာကလဲ ပျင်းလို့ပဲဟာ..။ ကိုကို အနားမှာ ရှိနေရင် သဲ က chatting ၀င်ပါ့မလားလို့ ။ သဲ နှုတ်က ဘာမှ ပြန်မပြောပေမယ့် စိတ်ထဲကနေ ကိုကို့ ကိုရန်တွေ့နေမိတယ်။ သဲ မျက်နှာ အပြောင်းအလဲကို ကောင်းကောင်းဖမ်းတတ်တဲ့ ကိုကိုက -


"သဲရယ်...နားလည်ပါ...။ ကိုကို အလုပ်လုပ်နေတယ် ဆိုတာကလဲ..သဲ အတွက်ပါ ။ ကိုကို အလုပ်လုပ်နေတော့ သဲ အနား ဘယ်လို အချိန်ပြည့်နေ နိုင်မှာလဲ....။ သဲပျင်းနေတယ် ဆိုရင် ကိုယ့်အတွက် တန်ဖိုးရှိမယ့် စာအုပ်တွေဖတ်၊ အင်္ဂလိပ်စာတွေ လေ့လာ ၊ အဲ့လိုတွေ လုပ်ပေါ့ သဲရယ်.... ကိုကို ကသဲကို မchat နဲ့လို့ မတားပါဘူး.... ဒါပေမယ့် အချိန်ပြည့် ဒါကြီးပဲ လုပ်မနေနဲ့ လို့ပြောတာ..."



"ဟုတ်ကဲ့ပါ ကိုကို.... သဲ နားလည်ပါတယ်... သဲ လဲပျင်းလို့ပါ..နောက်ဆို ..ဆင်ခြင်ပါ့မယ်နော် " " သဲ ခုလို ဒီမှာကျောင်းလာတတ်တာလဲ ကိုကို့ ကြောင့်ပါ...ကိုကို့ တစ်မျက်နှာထဲကြောင့်ပါ ကိုကို "


အဲ့လို သဲ ပြောလိုက်တော့... ကိုကို က သဲ ခေါင်းလေးကို ရင်ခွင်ထဲထည့်ပြီး သက်ပြင်း ချပါတယ်..။ ကိုကို့ ရင်ခွင်ထဲကနေ သဲ ကျိတ်ပြုံးလိုက်မိ တယ်။ ကိုကို သဲကို အကြာကြီး စိတ်မဆိုးတတ်ဘူး ဆိုတာ သဲ သိပ်သိတာပေါ့လေ။
သဲ ဒီမှာ ကျောင်းလာတတ်တာလဲ တကယ်တော့ ကိုကို့ အစီအမံ ပါပဲ...။ သဲ ကအဲ့ဒါနဲ့လဲ သူ့ကိုအညှာကိုင်တာလေ.။

ကိုကိုက သဲကို မှာစရာတွေ အများကြီး မှာသွားပြီးတော့ ... နောက်နေ့ အလုပ်ဆင်းရမှာမို့ ပြန်သွားပါတယ်...။ ကိုကို အဲ့လို ပြန်သွားရင် သဲ အရမ်းလွမ်းတာပါပဲ..။ အဲ့ဒါနဲ့ သဲ လဲကိုကို့ ကိုလွမ်းတာ ပြေအောင် ကွန်ပြူတာလေး ကိုဖွင့်မိပါတယ်..။ သဲ ရဲ့ မီးလေး စိမ်းသွားတာနဲ့ တပြိုင်နက်...

"ဟေ့...ဘယ်သွားနေတာလဲ.... မင်း ကျောင်းပိတ်မှန်းသိလို့ စောင့်နေတာ ကြာနေပြီ"

သူ.... သူ ကတော့ ခုလက်ရှိ အမေရိကား မှာ အလုပ်လုပ်နေတယ်ပြောတဲ့...ကျော်သူမောင် ဆိုတဲ့ သူပေါ့... သူနဲ့ သဲ အွန်လိုင်းမှာ ခင်တာ မကြာသေးပေမယ့် စကားပြော ကောင်းလွန်းတဲ့ သူ့ ကြောင့် တကယ့် အရင်း အချာတွေ လို ခင်နေပြီလေ...။ ကိုကို ကတော့ သူနဲ့ chat တာမကြိုက်ဆုံးပဲ... ဒါပေမယ့် သဲ က သဲမှာ ချစ်သူ ကိုကို ရှိတဲ့ အကြောင်း ပြောပြထားတယ် ဆိုလို့ ကိုကို က ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် သူနဲ့ မ chat ပါနဲ့တဲ့...သဲ ကလဲ ပြီးစလွယ် ဟုတ်ကဲ့ပါလို့ ပြောထားတယ်လေ။ သူနဲ့ chat ပြီးရင် chat list တွေကို ဖျက်ပစ်တယ်လေ ဟိဟိ ကိုကို ကအလုပ်ထဲမှာ ကွန်ပြူတာ သုံးလို့မှ မရတာ..သူဘယ်သိပါ့လဲ..။ ဒါပေမယ့် ကိုကို ကပြောတယ်....ကျန်တဲ့ ကိုယ်မသိတဲ့ သူတွေနဲ့လဲ VZO, တို့ဘာတို့ ရုပ်မြင်ရတာတွေ နဲ့ မchat ဖို့ တော့ တားထားပါတယ်..။ သဲ ကအဲ့ဒါတော့ မလုပ်ပါဘူးလေ...။ ဒီတိုင်း စကားပြောရုံ လေးပါပဲ..။ ဒါပေမယ့် အဲ့ဒီ နေ့က သဲ တို့ စကားတွေ တော်တော် ပြောဖြစ်ကြတယ်....။ သူ့ ရဲ့ စကားပြောကောင်း ပါးနပ်မှုကြောင့် သဲ ရဲ့ ဖုန်းနံပါတ် လဲ သူ သိသွားတယ်..။

နောက်ပြီး သဲ ဖတ်ချင်နေတဲ့ စာအုပ်တွေ ပို့ပေးမယ် ပြောလို့ အိမ် လိပ်စာလဲ သိသွားတယ်..။
စကားပြောတာက သူ့ ညီမလေး နဲ့ တူလွန်းတာကြောင့် ရုပ်လေးပါ ကြည့်ချင်တယ်ဆိုလို့ ကင်မရာလေး ဖွင့်လိုက်မိတယ်..။ အဲ့ဒီ ခဏအချိန်လေးအတွင်းတော့ သဲ သူ နဲ့ စကားပြောရတာ ပျော်ခဲ့ပါတယ်..။

ဒီလို နဲ့ သဲ တို့ နောက်ပိုင်း ဖုန်းပါ ပြောဖြစ်ကြတယ်...။ ကိုကို့ ကိုတော့ မသိအောင် ဖုံးထားရတာပေါ့နော်..။ သိရင် သဲ ကို သတ်မလားပဲ..။

တစ်နေ့..... အဲ့ဒီနေ့ က အင်္ဂါ နေ့ပေါ့....။ သဲ ကျောင်းကနေ ပြန်လာ... ရောက်ရောက်ချင်း ထမင်း စားဖို့ လုပ်နေတာနဲ့ ကွန်ပြူတာကို အရင်မဖွင့် အားဘူးလေ..။ အဲ့ဒီ အချိန်မှာ ဖုန်းလာပါတယ်...အဲ့ ... ကိုကို ပဲ ..အလုပ်ချိန်ကြီး ဖုန်းမခေါ်ဖူး လို့ အထူးအဆန်းဖြစ်ပြီး ထူးမိတယ်..။

" ဟဲလို ...ကိုကို...ဘာဖြစ်လို့လဲ ဟင်.. ရုံးမတတ်ဘူးလား.. "

စိုးရိမ်တကြီး မေးတဲ့ သဲ ရဲ့မေးခွန်းကို ကိုကို မဖြေပါဘူး ....

" ခုလာခဲ့မယ် သဲ ကိုအရမ်းချစ်ပါတယ်"


အဲ့ဒါပဲပြောပြီး ဖုန်းချသွားပါတယ်...အသံကလဲ သဲ ရင်းနှီးနေကျ သဲ ကိုပြောတဲ့ နှုးနှုးညံ့ညံ့ အသံမျိုး ပျောက်နေတယ်...။ အက်ကွဲကွဲနဲ့ လည်ချောင်းထဲက မနဲ အားယူပြီး ထွက်လာတဲ့ လေသံ နဲ့ ။ ဒါနဲ့ သဲ လဲ အိမ်အောက် ဆင်းပြီး ကိုကို့ ကိုစောင့်နေမိတယ်...။ ကိုကို့ ကိုတွေ့တော့ သဲ အပြေလေး သွားပြီး လက်မောင်း ကို တွဲလိုက်ပေမယ့် ကိုကို ကအရင်ကလို သဲ ခေါင်းလေးကို ပွတ်ပြီး မကျီစားပါဘူး...။ ပြီးတော့ ထိုင်ခုံကို ရောက်တာနဲ့ "ရော့" ဆိုပြီး print ထုတ်ထားတဲ့ စာရွက် လေး တစ်ရွက် ပေးပါတယ်.... ။


သဲ ဖတ်ပြီး မျက်လုံးတွေ ပြာသွားတယ်....။ သဲ ကွန်ပြူတာ မဖွင့်မိတဲ့ အချိန်ပိုင်းလေးမှာ ကိုကို တွေ့သွားတဲ့ စာက သဲ တောင်မှ တစ်ချို့ ဖြစ်ရပ်တွေကို မသိပါဘူး.....ရေးထားလိုက်တာ မတော်တရော်တွေပါ...။ ရေးထားတာတွေက ..ဒီနေ့ သဲကို ဖုန်းမခေါ်တာ က သူ့ စိတ်လှုပ်ရှားနေလို့ ပါဆိုတဲ့ အကြောင်း..ဘာကြောင့်လဲဆိုတော့ သူ သဲ အိမ်လိပ်စာလဲ သိပြီ ဖြစ်တဲ့ အတွက် သူလာလည်မယ့် အကြောင်း ၊ ဘယ်လို ကြိုနေပါဆိုတဲ့ အကြောင်း...သဲ မချစ်တဲ့ သဲ ရဲ့ ခုလက်ရှိ ချစ်သူ ကိုလဲ သူ ရောက်လာရင် ကြောက်နေစရာ မလိုတော့တဲ့အကြောင်း..အိုး တစ်ချို့ စာလုံးတွေက တကယ့်ကို သူ နဲ့ သဲ က တကယ့်ရီးစား တွေအတိုင်းပါပဲ..။ သဲ မုန်းလိုက်တာ အဲ့ဒီ လူကိုလေ..ပြီးတော့ သဲ လေ... ရှက်လိုက်တာ..အငွေ့ပြန်ပြီး ကိုကို့ ရှေ့ကနေ ပျောက်သွားချင်ပါတယ်...။ ကိုကို ဘယ်လို ထင်မှာပါလဲ...ကိုကို အထင်မှားမှာတော့ သဲကြောက်ပါတယ်..။

"ကို ဒီနေ့ နေမကောင်းလို့ ရုံးမသွားရဘူး.... သဲ လဲကျောင်း တတ်ရမှာ သိလို့ ၊ စိတ်ပူမှာ စိုးလို့ အသိမပေးခဲ့ဘူး... ဒါနဲ့ ကွန်ပြူတာ ဖွင့်ပြီး သဲ ရဲ့ account ကို ကြည့်မိတော့ ဒီစာတွေ့တာပဲ... သဲ ရယ် မင်း သိပ်မိုက်တယ် "


" မဟုတ်ဘူး ကိုကို ... မဟုတ်ဘူး...သဲ သဲ"


" မဟုတ်ဘူး လို့ မင်းမပြောနဲ့ သဲ.... မင်း ငါ့ကို ဘာလို့လိမ် ခဲ့တာလဲ...မင်း ဖုန်းနံပါတ်ကို ဘာလို့ ပေးခဲ့တာလဲ ၊ အိမ်လိပ်စာပါ သိနေပြီ ဆိုတော့ ၊ မင်း မင်း.... "

ကိုကို စကားမဆက်နိုင်ပါဘူး....မျက်နှာ ကို လက်ဖ၀ါးထဲ မှောက်ထည့်ပြီး ငြိမ်နေပါတယ်...။ သဲ မှားပါတယ်ရှင်....ကိုကို သဲ ကို ရိုက်လိုက်ရင်ဖြစ်ဖြစ် ခံသာပါသေးတယ်...။ ခုလိုကြီး ၀မ်းနည်း ယူကြုံးမရ ဖြစ်နေတဲ့ ပုံမျိုး နဲ့ တော့ မနေပါနဲ့ ရှင်.........။
" ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ပေးမိတာက လွဲ လို့ ကျန်တာ သဲ ဘာမှ မသိရပါဘူး ကိုကိုရယ်...သဲကို ယုံပါ ယုံပါ..."


" sorry သဲ... ကိုကို.. မင်းကို အရမ်းချစ်ပါတယ်...မင်းကိုလဲ ချုပ်နှောင် မထားချင်တော့ပါဘူး...မင်း သွားလိုရာကို သွားနိုင်ပါတယ်..ဒီနေ့က စပြီး မင်း ကိုကို့ အသံ၊ အရိပ် တွေကို လုံးဝ မတွေ့စေရပါဘူး....ကိုကို မထင်ခဲ့ဘူး...ကိုယ့် ရဲ့ အချစ်တွေက မင်းကို ကြောက်လန့် နေစေခဲ့မယ်လို့ ကိုယ် မထင်ခဲ့ပါဘူးကွာ..။ ဘာပဲ ဖြစ်ဖြစ် မင်း ပျော်ပါစေ ...ကလေး ရယ် "

ပြောပြီး ကိုကို ထရပ်လိုက်ပါတယ်...။ သဲ ကြောက်လန့် တကြား ကိုကို့ လက်ကို ဖမ်းဆွဲ ထားပေမယ့်...ကိုကို က ဆတ်ခနဲ့ ပုတ်ချပြီး... ခြေလှမ်းကျဲ ကြီးတွေနဲ့ ထွက်သွားပါတော့တယ်...။ ကိုကို ...မသွားပါနဲ့ ....သဲ ကိုကို့ တစ်ယောက်ထဲကိုပဲ ချစ်တာပါ... သဲ ကိုကို နဲ့ မခွဲ နိုင်ပါဘူး သဲ ဘယ်လိုပြောပြော ကိုကို က နောက်ကို လုံးဝ လှည့်မကြည့်စတမ်း ကျောခိုင်းသွားပြီလေ...။ ကိုကို ရယ် သဲ မှားပါတယ်...


အား..... ကြောက်လန့် တကြား မျက်လုံးများကို ပြန်ဖွင့် လိုက်ပေမယ့် ဒါဟာ...အိမ်မက်မဟုတ်ပါဘူး... ပြီးခဲ့တဲ့ 3 လလောက်က တကယ် ဖြစ်သွားတဲ့ အရာတွေပါ...ခု ဆို ကိုကို့ ကို မတွေ့ရတာ 12 ပါတ် ရှိပြီနော်...။ ဖုန်းဆက်တိုင်းလဲ .... ပိတ်ထားတဲ့ ဖုန်းနဲ့ အိမ်ကိုလိုက်သွား တော့လဲ မရှိတာနဲ့ ကိုကို့ အလုပ်ကိုလဲ သဲ မသိပါဘူး...။ သဲ ရဲ့ အခန်းဖော် သူငယ်ချင်းကိုသာ သဲ ရဲ့ တိုင်တည်ရာပေါ့... သူ အသိဆုံးလေ... သဲ အဲ့ဒီ ကျော်သူမောင် နဲ့ ဘာတွေပြောကြလဲ ဆိုတာ သူ အသိဆုံးပါ..။ သူ တောင် တခါတလေ ၀င်ပြောသေးတာပဲ ...သူငယ်ချင်း ကလဲ စာကို မြင်ပြီးတော့ အရမ်းကို အံ့သြသွားတာပါပဲ....။ ကိုကို နဲ့ ပြသာနာ ဖြစ်ပြီးတော့ သဲ ငိုတော့ သူလဲ ဘာလုပ်ပေးရမလဲ မသိပါဘူး... ပြီးတော့ သဲက ဘာလုပ်ရမလဲ မေးတော့...သူ က အရင်ဆုံး အဲ့ဒီ ကျော်သူမောင် ကို delete လုပ်တဲ့ ၊ ပြီးရင် ဖုန်းနံပါတ်ပြောင်း ၊ ပြီးတော့ အိမ်ပါ ပြောင်းကျတာ ပေါ့တဲ့...သဲ ပြောင်းတဲ့ နေရာ သူလိုက်နေပေးပါ့မယ် တဲ့..။


ဒီလိုနဲ့ သဲ လဲ အဲ့ဒါတွေ အကုန်လုံးကို ၂ ပါတ်အတွင်း ပြီးအောင်လုပ်ပါတယ်...။ ပြီးတော့ သဲ ခု အဲ့ဒီလို မလုပ်တော့ပါဘူး သဲ အကုန်လုံး ပြောင်းလိုက်ပါပြီ ဆိုတာကို ... ကိုကို့ ကိုပြောပြချင်လို့ ဖုန်းခေါ်တာလဲ ဘယ်လိုမှ မရတော့ဘူးလေ..။ အခုတော့....ကိုကို လဲ သဲကို ဆက်သွယ် စရာဆိုလို့ မေလ်း လေး တစ်ခုထဲသာ ရှိပါတော့တယ်...။ ကိုကို့ nick name လေး ဘေးက မီးလေး ဘယ်တော့ စိမ်းလာ မလဲ ဆိုတာကို စောင့်ရတာ 3လ ရှိနေပါပြီ ကိုကို ရယ်... သဲ ကို စိတ်ဆိုးပြေပါတော့နော်..။

ခုဆို သဲ chatလဲမ chat တော့ပါဘူး...အားတဲ့ အချိန်မှာစာတွေလုပ်၊ စာဖတ်ပါတယ်။ အော် နောက်ပြီးတော့လေ.. ခုတော့ သဲ မှာ ဘလော့ ဆိုတဲ့ အဖော်လေး လဲ ရှိနေပါပြီ..အားတဲ့ အချိန် စာတွေ လိုက်ဖတ်ရင်းနဲ့ ဘလော့ရွာ လေးထဲကို သဲ ရောက်သွားခဲ့ပါတယ်..အဲ့ဒီ ရွာလေးထဲမှာ အိမ်လေး တစ်အိမ်ဆောက်ပြီး ကိုကို့ ကိုလွမ်းတဲ့ အကြောင်းတွေကို စာရေးဖွှဲ့ပြီးတော့ ...ကိုကို့ ကိုစောင့်နေပါတယ်၊ ပြီးတော့လေ...ကိုယ့်မှာ တကယ်ချစ်ရတဲ့သူ ရှိရင်..ကိုယ့်ချစ်သူမကြိုက်တဲ့(ကောင်းလဲ မကောင်းတဲ့)အပြုအမူတွေကို မလုပ်ကြပါနဲ့လို့ ဒီဘလော့လေးထဲမှာ မကြာမကြာထည့်ရေးမယ်..။ကိုကို ဒီစာလေး ကိုဖတ်မိရင်....သဲ ကိုနားလည်ပေးပြီး ပြန်လာခဲ့ပါနော်...။ သဲ လိမ္မာပါတော့မယ်..ကိုကိုရယ်...။





မှတ်ချက် ။ ။ နောင့် တကယ့်ဖြစ်ရပ် မဟုတ်ပါဘူး ရှင်....

Sunday, July 5, 2009

ဝါဆိုသင်္ကန်း ကပ်တော့..

ဒီနေ့ ၀ါဆိုသင်္ကန်းကို Clementi ကျောင်းမှာသွားကပ် ဖြစ်တယ် ။ အဲ့ဒီ မှာ ဘုန်းဘုန်း ကတရားပေးပါတယ် ။ မှတ်မိ သလောက်လေး ပြန်ပြောပြမယ်နော်.....း) ။
ဘုန်းဘုန်းက ပြောတယ် ဒီအလှုက ကုသိုလ်ရတာ ဒီသင်္ကန်းကြောင့် မဟုတ်ဘူး...၊ ဒီသင်္ကန်းက အသုံးပြု ပြီးရင် တစ်နေ့ ပျက်စီးသွားမယ် မပျက်စီးမှာက ကုသိုလ် စိတ်ပဲတဲ့ ၊ အဲ့ဒီ ကုသိုလ်စိတ်လေးကိုလဲ မပျက်စီးအောင် စိတ်ထဲ ကိန်းအောင်းနေရပါမယ် ၊ လူတွေက လှုပြီးလို့ ဒီကုသိုလ်စိတ်လေးကို မေ့ပစ်လိုက်မယ်ဆိုရင် ညောင်ပင်လောက် လှုလဲ ညောင်စေ့လောက်ပဲ ကျန်ပါမယ် ၊ စိတ်ထားတတ်ပြီး ဒီကုသိုလ်ကို စိတ်ထဲအမှတ်ရပြီး ကုသိုလ်စိတ်လေး ၀င်နေမယ်ဆိုရင် ညောင်စေ့လောက် လှုလဲ ညောင်ပင်ကြီးလောက် ကုသိုလ်ရပါတယ် တဲ့..။
ဒီတော့ ဘုန်းဘုန်းကပြောတယ် ဖြစ်နိုင်ရင် ကိုယ်ဘယ်နေ့က ဘယ်လို ကောင်းမှုလုပ်တယ်ဆိုတာကို မှတ်စုစာအုပ်လေး ဒါမှမဟုတ် အမှတ်ရ နိုင်မယ့် တစ်နေရာရာမှာ ရေးထားပြီးတော့ မမေ့အောင် ဂရုပြုထားမယ်ဆိုရင် ပိုကောင်းတယ်လို့ဆိုပါတယ် ။ ကောင်းမှုဆိုတဲ့ နေရာမှာ လမ်းဘေးက အဘိုးအဘွား တွေ ရောင်းနေတဲ့ တစ်ရှုး ကိုကိုယ် မလိုအပ်ပေမယ့် တမင်တကာ ၀ယ်ပေးလိုက်တာကလဲ ကောင်းမှုတစ်မျိုးပဲ လို့မြင်ပါတယ် ၊ နောက်ပြီး ကိုယ့်မိဘကို ကိုယ်တတ်နိုင်သလောက် လေးထောက်ပံ့တာ၊ စသည်ဖြင့်ပေါ့နော် သိပ်တော့လဲ မပြောတတ်ဘူး ။
များသောအားဖြင့် လူတွေက မှတ်စု စာအုပ်ထဲမှာ ပူဆွေးစရာ၊ ဒေါသထွက်စရာ၊ လွမ်းမောစရာ အဲ့လို အကုသိုလ်နဲ့ ဆိုင်တဲ့ မှတ်စရာများကိုပဲ မှတ်တတ်တာများပါတယ် ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်လေးတွေကိုလဲ အဲ့လို မှတ်မှတ်ရရလေး မှတ်ထားပြီး ပြန်ဆင်ခြင်အောင်းမေ့ရင် ကုသိုလ်ပိုရပါတယ်တဲ့ ။
နောက်ပြီးတော့ ညအိပ်ရာဝင် တဲ့အချိန်မှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် လေးတွေကို ပြန်စဉ်းစားသင့်တဲ့ အကြောင်းပေါ့ ၊ ဒီနေ့ အကုသိုလ်ဖြစ်အောင် ဘယ်လိုတွေနေမိခဲ့သလဲ ၊ ကုသိုလ်ဖြစ်နိုင်မယ့် အရာ တွေကိုရော ဘာတွေလုပ်ခဲ့မိလဲ ပြန်စဉ်းစား ရမယ်လို့ ဆိုပါတယ် ။ (ကိုယ်ကတော့ သချာတယ် အကုသိုလ်တွေ ကြီး ပဲနေမှာ) ။း)
ကိုယ်လဲ ပြန်ပြီးတော့ တွေးကြည့်မိတယ် ။ ကိုယ် ကုသိုလ်နဲ့အကုသိုလ် ဘာတွေလုပ်ခဲ့လဲဆိုတာကို တစ်နေ့တာကုန်ဆုံးလို့ ညပိုင်းရောက်ရင် တမင်တကာ ကြီးတော့ မစဉ်းစားမိခဲ့ဘူးလို့ ထင်တယ် ။ မေ့နေတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ သတိမထားမိတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ဒါပေမယ့် ကိုယ် E mail ဖွင့်စစ်ဖို့ ၊ ဘလော့ခ် တွေလည်ဖို့တော့ လုံးဝ မမေ့ခဲ့ဘူး ဆိုတာတော့ သေချာတယ်း) ။ ဘာပဲ ဖြစ်ဖြစ် ဒီည ကနေစပြီး နောက်ပိုင်း ကိုတော့ သတိလေး ထားပြီး ဆင်ခြင်နိုင်အောင် ကြိုးစားလိုက်ဦးမယ် ။

Thursday, July 2, 2009

မပျော်သောနေ့ရက်များ..

ဒီရက်ပိုင်းအတွင်း ကိုယ်မပျော်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ရဲ့ကိုကြီး ဆေးရုံနောက်တစ်ခေါက် ပြန်တတ်နေရပြန်တယ်။ ဒီတစ်ခေါက်ပြန်တတ်တာ ကိုယ့်အတွက် ပိုပြီး စိတ်ပင်ပန်း ရတယ်၊ စိတ်ပူရတယ် ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ မိုးရာသီ ဖြစ်နေလို့ပါပဲ ။
ကိုယ်တို့ ရွာလေးဟာ မိုးတွင်းဆိုရင် လမ်းပန်းဆက်သွယ်ရေး အရမ်းခတ်ခဲပါတယ် ။ စစ်တောင်းမြစ်ကို ဖောင်နဲ့ ဖြတ်ရတယ်။ဖောင်ဆိုတာက စက်လှေနှစ်စင်း ရဲ့ အပေါ်မှာ သစ်သား တွေနဲ့ လုပ်ထားတဲ့ အခင်းကြီးကြီးတစ်ခုကိုတင်ထားတာပါ..လူတွေ၊ ပစ္စည်းတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေက အဲ့ဒီ သစ်သားပြားကြီးပေါ်ကနေ လိုက်ရပါတယ် အကာတွေ၊ လက်ရန်းတွေ မရှိပါဘူး ။ အနက်ရောင်နယ်မြေ ဖြစ်တဲ့အတွက် တံတားဆောက်လို့လည်း မရပါဘူး။

နောက်ပြီး အဲ့ဒီ ဖောင်ကလဲ မနက် (6)နာရီမှ စဖွင့်သလို ညနေ(6)နာရီဆိုဖောင်ပိတ်သွားပါပြီ၊ အဲ့ဒါကြောင့် အဲ့ဒီ ဖောင်ဖွင့်ချိန် ၊ ပိတ်ချိန် မှီအောင် သွားရတာလဲ အလုပ်တစ်ခုပါပဲ ။ မမှီရင် ရွာနီးချုပ်စပ်က အိမ်တစ်အိမ်အိမ်မှာ အကူအညီတောင်းပြီး တည်းရ ၊ အိပ်ရပါတယ်..။

ဖောင်ပေါ်ကနေ ကမ်းပါး ပေါ်ကို တတ်တဲ့ အချိန်မှာလဲ ခြေမြဲမြဲ၊ လက်မြဲမြဲ နဲ့တတ်ရပါတယ် ။ ကမ်းပါးက မတ်ပြီး အရမ်းလျှော်တဲ့အတွက် ဖိနပ်နဲ့ တတ်လို့ လည်းမရဘူးလေ ။ဒါကြောင့် တစ်ချို့ အမျိုးသမီးတွေဆို လေးဖတ်ထောက်ပြီး တတ်ရပါတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေပါရင်တော့ နီးစပ်ရာ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးတော့ တွန်းတင်ပေါ့ ။ ကူလဲကူညီ ကြပါတယ် အကူအညီမတောင်းရင်တောင်မှ ဒီလိုပဲ နောက်ကနေ ကူတွန်း၊ ရှေ့ကနေ ကူဆွဲတင် အဲ့လို ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေတော့ ရှိပါတယ်..။
ကမ်းပေါ်ကို ရောက်ပြီ ဆိုရင်လဲရွာကိုရောက်ဖို့ရွံ့တော၊ ဗွက်တော ထဲကနေ 7မိုင်လောက်ခရီးကို လမ်းလျှောက်ရပါသေးတယ် ။ နွေရာသီ ဆိုရင်တော့ စက်ဘီး၊ ဆိုင်ကယ် စီးလို့ရပါတယ် ။ မိုးတွင်းဆိုရင် အဲ့ဒါတွေ စီးဖို့ အရမ်း အန္တာရာယ်ကြီးတယ် ။ တော်ရုံလမ်းပဲ လျှောက်ကြရတယ်..။
အခုတော့ အဲ့ဒီလို လမ်းခရီးကို ကိုယ့် အဖေ နဲ့ အမေ တစ်လှည့်စီ ဖြတ်ကျော်နေရတယ် ။ ရန်ကုန်မှာ ဆေးရုံ တတ်နေရတဲ့ သားအတွက် အဖေ တစ်လှည့် အမေတစ်လှည့် လာပြီး စောင့်ရှောက်နေကြ ၊ ပြုစုနေကြ ရတယ်လေ ။

ကိုယ့် အစ်မကတော့ အချိန်ပြည့် အစ်ကို နဲ့ ဆေးရုံပေါ်မှာ တူတူနေရတာပေါ့ ။ မိုးတွင်းမို့ ခရီးမသွားစေချင်လို့ အစ်မ တစ်ယောက်ထဲနဲ့ အဆင်ပြေတယ် ပြောပေမယ့် မိဘမေတ္တာပေါ့....ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော လာပြုစုချင် နေကြတာပါပဲ ။
တစ်မိသား စုလုံး ရန်ကုန်မှာ လာနေဖို့ကလဲ ဘယ်လိုမှ အဆင်မပြေဘူးလေ ။ရွာမှာကမိုးရာသီဆို တကယ့်ကို အလုပ်ချိန်လို့ပြောရမယ် ။တစ်ရွာလုံးက ကွမ်းသီးစိုက်ပြီး စီးပွားရေးလုပ်ကိုင်ကြရတာလေ။ကွမ်းသီး ဆိုတာကလဲ မိုးရာသီလေး တစ်ချိန်ပဲ သီး ပြီးအလုပ်လုပ်ရတာကိုး ။အဲ့ဒီတော့ ဒီအချိန် တစ်ချိန် လေးပဲ အားကိုးပြီး လုပ်ရတော့ အိမ်ရှိလူကုန်လဲ ရန်ကုန်မလာနိုင်ဘူးလေ ။ အဲ့ဒီတော့ အဖေက တစ်လှည့်လာ တစ်ပါတ်လောက် နေပြီးရင် ပြန်၊ အမေ ကတလှည့်ပြန်လာ၊ အဲ့လိုလေး တွေလုပ်နေကြရရှာတယ် ။

ကိုယ်စဉ်းစားမိတိုင်း စိတ်မကောင်းဘူး ။ ဒီလမ်း ဒီခရီး ဘယ်လောက် ကြမ်းတမ်းလဲ ကိုယ်အသိဆုံးပေါ့ ။ ကိုယ်တို့ ဘတ်ကလူတွေ မိုးတွင်းဆို ခရီးမထွက်တော့တာ များတယ် ။ မဖြစ်မနေ သွားရမယ့် လူတွေလောက်ပဲ သွားကြတယ်လေ ။ လူငယ်၊ လူရွယ် ယောင်္ကျားသား တွေဆို အကြောင်းမဟုတ်ပေမယ့် ကိုယ့် အဖေ နဲ့ အမေ အသက်ကြီး ပြီ ၊ အရမ်းနဲ့ ကို ပင်ပန်းမှာပါပဲ ။ ဒါပေမယ့် သားဇော နဲ့ ပင်ပန်းရကောင်းမှန်း သိကြမှာ မဟုတ်ဘူး နဲ့ တူပါရဲ့ ။ အဝေးမှာ နေတဲ့ ကိုယ့်မှာသာ စဉ်းစားရင်း အစ်ကို အတွက် စိတ်ပူသလို မိဘများအတွက် ၀မ်းနည်းရင်း..................။

လူတိုင်း၊ မိသားစု တိုင်းမှာ ပြသာနာ ကိုယ်စီ ၊ သောက ကိုယ်စီ နဲ့ ရှိကြမယ် ၊ ရှိခဲ့ဖူးကြမယ် ထင်ပါတယ်....။ ကိုယ်ကတော့ အရင် ကမကြုံတွေ့ ခဲ့ရဖူးဘူး ။ အခုလို ကြုံ ရတော့ အရမ်း ခံစားရတယ် ။ အဲ့ဒီ သောက လေးတွေ ခုလိုချရေး လိုက်ရင် ပြေလိုပြေငြား ၊ တင်းကြပ်နေတဲ့စိတ်များပေါ့သွားမလားလို့....စိတ်ရဲ့ ထွက်ပေါက်ပေါ့ လေ.....။