Friday, February 12, 2016

2016

2016 မှာ အပြောင်းအလဲတွေ အများကြီးကြုံရမယ် မျှော်လင့်ထားတယ်။ ကောင်းသောပြောင်းလဲခြင်းများ ဖြစ်လာလိမ့်မယ်လို့လဲ ထင်ပါတယ်။
အနာဂါတ်ကို ပုံဖော်ကြည့်တော့ ကြည်လင်ပြတ်သားခြင်းမရှိပေမယ့် မှောင်မဲမနေတော့ပါဘူး။ ဒါပေမယ့် ရှေ့ဖြစ်မှာကို ကြိုမသိနိုင်တဲ့ ပုထုဇဉ်တွေအဖို့တော့ အကောင်းအဆိုး ဘာတွေပဲ ကြုံလာ ကြုံလာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမှာပဲ။
ဘ၀မှာ ဘာတွေ အရေးကြီးတာကဘာလဲ၊ ကိုယ့်အတွက် အလိုအပ်ဆုံးဟာ ဘာလဲဆိုတာကို လူ့သက်တမ်း ထက်ဝက်ကြိုးခါနီးမှာ ပြန်သုံးသပ်တတ်လာတယ်။ တစ်ခါတစ်လေတော့လဲ ကိုယ့်ခံယူချက်တွေနဲ့အများသဘောမကိုက်ညီတာမျိုးတွေ ကြုံရတဲ့အခါတွေမှာ နောက်တွန့်မိပြန်တယ်။
ဘာပဲဖြစ်ဖြစ်ပါ 2016 ကို အကောင်းဆုံး ကိုယ် မျှော်လင့်နေမိပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မှားမှား မှန်မှန် ကိုယ်ရင်ဆိုင်မယ်။ 
 

Wednesday, January 2, 2013

2013

မနေ့က 1 ရက်နေ့ ရုံးပိတ်တယ်။
12/12/2012 ကတည်းက မင်္ဂလာဆောင်ထားတဲ့ သတိုးသား လဲ ကိုယ့် အိမ်ကို ပြောင်းလာတဲ့နေ့။ အိပ်ခန်း အပြောင်းအရွှေ့နဲ့ ပင်ပန်းပြီး ၊ ဘာမှ မချက်နိုင်လို့ ထမင်းကိုလဲ ဖြစ်သလို ငါးပိရည် နဲ့ ကြက်ဥကြော်စားရတယ်။ ဒါပေမယ့် စားမြိန်ပါတယ် :)

ဒီနေ့ 2 ရက်နေ့
ရုံးပြန်တက်ရတယ်။ ရုံးရောက်တာနဲ့ ကွန်ပြူတာဖွင့် ၊ ထုံးစံအတိုင်း  Firefox ကို ကလစ်၊ ဂျီမေလ်း ကို ရိုက်ထည့်တော့... Admin က ဘလော့ ထားပါတယ်တဲ့။ ဟာာ ခနဲ ပြာသွားတယ်။
ဖေ့ဘွတ် လေးကို အမြန်အမြန် ရိုက်လိုက်တော့လဲ တူတူပဲ :( Social Network တော်တော်များများကို ဘလော့ ထားပါတယ်။ Blog တွေတော့ ဖွင့်လို့ ကြည့်လို့ရနေပါသေးတယ်။ ဘ၀ကြီး က တော်တော်လေး ကို အဖြစ်ဆိုးသွားပါပြီ :(
တစ်နေ့တစ်နေ့ ရုံးမှာ ကိုယ် နေပျော်နေရခြင်း အကြောင်းက ဖေ့ဘွတ် နဲ့ ဂျီမေလ်း လေးရှိနေလို့ပါ။
ခုတော့ မသက်သာတဲ့အဆုံး ဘာလုပ်ရမှန်းလဲမသိတာနဲ့ ၊ ဖုန်တက်ရုံမက ပင့်ကူစွဲ နေတဲ့ ကိုယ့် ဘလော့လေးမှာ ရင်လာဖွင့်ရတာပါ။

Google ကနေ ကျော်နည်း ခွနည်းလေးတွေလဲ ရှာဖွေပြီး ကြိုးစားပေမယ့် အကုန်လုံးကို ဘလော့ထားပါတယ်။ တစ်ခြားနည်းလေးတွေများ စာလာဖတ်မိလို့ သိကြရင်လဲ မစ ခဲ့ကြပါလို့နော်။

Unhappy New Year 2013 :(


နောင့်






Wednesday, August 26, 2009

........ငယ်ငယ်တုန်းက ပန်းရိုင်းလေး........

ငယ်ငယ်တုန်းက ပန်းရိုင်းလေး......
ခုဘယ်မှာများရှိနေမလဲ တော့ မသိတော့ပါဘူးလေ...။
ကိုယ့်ထက် တစ်နှစ်ကြီးပေမယ့်... ကိုယ့်ထက် 2 တန်းငယ်သူ.... ကိုယ် 8 တန်း ၊ သူ 6 တန်း နှစ်မှာပေါ့...။
ညနေ ကျောင်းဆင်းချိန်.... စက်ဘီးထားတဲ့နေရာမှာ ကျောင်းသား ကျောင်းသူတွေ အလုအယက် စက်ဘီး ထုတ်နေကြရင်....ကိုယ် ၊ လှိုင် နဲ့ ၊ ခိုင် တို့က အဲ့လို လူရှုပ်ရင် မထုတ်တတ်လို့ လူနဲနဲရှင်းအောင် စောင့်ပြီးတော့ မှ အမြဲ စက်ဘီးကို ထုတ် တယ် ..။

" မေဇေး .... နင့် စက်ဘီး ရှေ့ခြင်းထဲမှာ... ဘာလဲ"
ကိုယ်နဲ့ အစ်မ နှစ်ဝမ်းကွဲလဲဖြစ်.. အတန်းဖော် သူငယ်ချင်းလဲ ဖြစ်တဲ့ ခိုင် ရဲ့ အမေးကို ကြားမှ....စက်ဘီး နောက်ကယ်ရီယာခုံမှာ လွယ်အိတ်ကို ကြိုးနဲ့တုတ်ရင်း... ရှေ့ခြင်းထဲကို ကြည့်လိုက်တော့....ပလစ်စတစ် အကြည် လေး နဲ့ ပတ်ထားတဲ့ ... နှင်းဆီပန်းငုံ လေး...။
(ခိုင် နဲ့ လှိုင် တို့က ကိုယ့်နာမည် မေဇင်အေး ကို အမြန်ခေါ်ရင်း.. မေဇေး ပဲ ခေါ်နေကြ )

" နှင်းဆီပန်းငုံ လေးတော့်"

ပြောရင်း.... ဘေး ကို ဝေ့ ကြည့်လိုက်တော့.... ကျောင်းရှေ့ ညောင်ပင်ကြီး အောက်မှာ စက်ဘီး ပေါ်ကနေ ခြေဖျားလေး ထောက်ပြီး ရပ်ကြည့်နေတဲ့ .... ကျော်....။

ကျော်.... ကျော်ဆိုတာ လူဆိုးလေး ပါ...။ မဲနက်နေတဲ့ မျက်တောင်မွေးရှည်ရှည် ကော့ကော့တွေ ရံထားတဲ့ သူ့မျက်လုံးက ယောင်္ကျားလေး တန်မယ့် ၀ိုင်းစက်ကြည်လင်နေတာ...၊ မျက်ခုံးမွေး ကလဲ ထူပြီး မဲခဲနေလို့ အဲ့ဒီမျက်လုံး နဲ့ မျက်ခုံး လေး ကြောင့်ပဲ.... မိန်းကလေး တော်တော်များများ ရဲ့ အာရုံကို ယူထားတယ်..။ ပြီးတော့ အတန်းထဲမှာ ဆိုးတယ်လို့ နာမည်ကြီးပေမယ့်.... အဲ့ဒီချစ်စရာ မွေးရာပါ အကျိုးပေးကောင်းတဲ့ ရုပ်ရည်လေး နဲ့ စကားသံ ချိုချိုလေး တွေကြောင့် ဆရာမ တွေရဲ့ အချစ်တုံးလေးလို့လဲ ကိုယ် ကြားဖူးထားတယ်လေ...။

ကိုယ်ဟာ.... 8 တန်း ကျောင်းသူ ဖြစ်တဲ့အထိ ... ခန္ဒာကိုယ် သေးသေးညှက်ညှက်လေး နဲ့ အတန်းတူတွေ ကြားမှာ အသက်ကလဲ သူများထက် 1 နှစ်အမြဲ ငယ်လို့ (၅ နှစ်မပြည့်သေးပဲ ကျောင်းနေလို့ ပါ) ... သူငယ်ချင်းတွေကလဲ လူရာသွင်း မဆက်ဆံ အမြဲ ကလေး လို အထင်ခံနေရသူပါ...။

ဒါပေမယ့် ကျော့် ရဲ့ က အဲ့ဒီလို ရပ်ကြည့် နေတဲ့ အကြည့်ကို ခံလိုက်ရတဲ့ အခါမှာ..... ဘာမှန်းမသိတဲ့ ခံစားမှုနဲ့ ထူပူပြီး... အဲ့ဒီနေ့ က စက်ဘီးစီး ကျွမ်းတဲ့ ကိုယ် စက်ဘီး မှောက်ခဲ့တယ်.....။

နေ့စဉ် နေ့တိုင်း လာလာ ထည့်ထားတတ်တဲ့ နှင်းဆီပန်းငုံ လေးတွေကြောင့်.... ကလေး လိုအမြဲ ခုန်ပေါက် ဆော့ကစား ချင်တဲ့စိတ်ပဲ ရှိခဲ့တဲ့ ကိုယ်...ကျော့် မျက်လုံးထဲမှာ လှတယ်လို့ မြင်စေချင်ခဲ့တယ် ။
နောက်ပိုင်း ကျောင်းက အပြန်တွေမှာ သူငယ်ချင်း နှစ်ယောက်အမြဲ ရံပြီး ပြန်နေရက် နဲ့ သူ ဘယ်အချိန်များ ကိုယ့် အနားကိုရောက်လာခဲ့မလဲ မျှော်လင့်လာ.. ထင်တဲ့အတိုင်း... ကိုယ့် ရဲ့ သူငယ်ချင်း နှစ်ယောက် ရဲ့ ရန်တွေ့သံတွေကို သူ မမှုပဲ ကိုယ့် နားကို သူအရောက်လာခဲ့တယ်...။ ကလေး ဘ၀ ရင်ခုန်တတ်စ မှာ အဲ့လို ခပ်ချောချော အပြောချိုချို ကောင်လေး တစ်ယောက်ရဲ့ ကိုယ့်ကို အရေးပေး မှုတွေဟာ... ကိုယ့် အတွက်တော့ တကယ့်ကို ကျေနပ်ကြည်နှုးစရာ ပေါ့။

" မေဇေး.. အဲ့ဒီကောင် နင့်ကို တကယ်ကြိုက်တယ်လို့ ထင်မနေနဲ့....နင် ဘာမှ ဘုမသိ ဘမသိနဲ့ မို့နင့်ကိုလိုက်တာ" တဲ့...

ခိုင့် စကား... ။ ခိုင် နဲ့ လှိုင် တို့က ကိုယ့် ကို သူ နဲ့ ချစ်သူတွေ ဖြစ်သွားမှာကို အရမ်း စိုးရိမ် နေကြတယ်.. ဒါပေမယ့် ကိုယ်လဲ လေ... ရင်ခုန်ကျေနပ် တာက လွဲလို့ 8 တန်းကျောင်း သူလေးဘ၀ နဲ့ ရီးစားထားဖို့တော့ စိတ်ကူး ထဲမှာ တောင် မရှိခဲ့ပါဘူး...။

နောက် တစ်ချက် သူ အရမ်းဆိုးတယ် တဲ့....။ စာလဲမတော် ၊ အားကစားလဲ မထူးချွန်... ဒီကြားထဲ အရက်ကလေး ၊ ဆေးလိပ်လေး လဲ ခိုးသောက်တတ်နေပြီတဲ့...။ မိဘ ပိုက်ဆံ ရှိတဲ့ အငယ်ဆုံးသားလေး ၊၀ိုင်းပြီး အလိုလိုက်ထားတော့ ပျက်စီးနေတဲ့ မိဘ က မဆုံးမ တဲ့ ကလေး တဲ့...။

ကိုယ်လေ ရင်ခုန်တတ်စ ကနေ စပြီးတော့ သူ တစ်ယောက်သာ...အိမ်မက်မင်းသားပါ....။ ဒါပေမယ့် သူ သိပ်ဆိုးတယ် ဆိုတာကိုလဲ ကြောက်တယ်..။ ငါ နဲ့ ကြိုက်ပြီးတော့မှ ငါ ပြုပြင်မယ်ဆိုတဲ့ စကားမျိုး ပြောတတ်တဲ့ အရဲစွန့်ရဲတဲ့ မိန်ကလေးမျိုး ထဲမှာလဲ ကိုယ်မပါဘူး...။

သူကတော့ ဇွဲကောင်းတုန်းပါပဲ...။ ကိုယ် 8 တန်း နှစ်ကတော့ ... ငါ ငယ်သေးတယ်... ပညာရေးကလွဲပြီး ကျန်တာ စိတ်မ၀င်စားချင်သေးဘူး ဆိုလို့... အဖြေထပ်မတောင်းပေမယ့်... ပန်းလေးတွေ ကတော့ နေ့စဉ် မပြတ် ကိုယ် လက်ခံ ရရှိနေဆဲပါပဲ..။

မှတ်မှတ်ရရ ကိုယ့် 10 တန်း အောင်စာရင်းကို သူသွားကြည့်ပေးတာပါ...။ 10 တန်းအောင်တော့ အဖြေ ထပ်တောင်းပါတယ်...။ ကိုယ် သူ့ကို စိတ်ဝင်စားတယ် ၊ ဆိုတာကို ကိုယ့်အမူအယာတွေကို မထိန်းချုပ်တတ်လို့ သူလဲ သိနေခဲ့ပါတယ်....ဒါပေမယ့် ကိုယ် ပါးစပ် က ထုတ်မပြောမချင်း တရားမှ မ၀င်တာပဲ..။

" ငါ ကျောင်းတွေ ဆက်တတ်ရဦးမယ်....နင် လဲ လိမ္မာပါ ကျော်ရယ်...နော်"

ခေါင်း ငိုက်စိုက် ကျသွားတဲ့ သူ့ ကို မမြင်ရက်ဘူး... ဒါပေမယ့် ဒီလို လူမျိုး ကို လက်တွဲဖော် အဖြစ် တွဲဖို့ ကိုယ် သတ္တိမရှိဘူး..။

ဒီလိုနဲ့ ကိုယ် ကျောင်းတွေ ဆက်တတ်ခဲ့ရတယ်...။ ကျောင်းပိတ်လို့ ရွာခဏပြန်တိုင်း... သူတို့ အိမ်ရှေ့က ဖြတ်ရင် ခိုးကြည့်ရတာလဲ အမောပါပဲ....၊ ဆိုင်ကယ်သံ ကြားတိုင်း သူများလားလို့ စောင့်ကြည့်ရတာလဲ မရိုးနိုင်ပါဘူး။ ကိုယ် သူ့ကို မေ့လို့ မရသေးဘူးလေ...။ ကိုယ် ပြန်ရောက်တာ ကြားတာနဲ့ သူလဲ အိမ်ရှေ့မှာ ဂီတာလာတီးတော့တာပါပဲ...။ ဂီတာ လာတီးနေတဲ့ အိမ်ရှေ့ ကခုံတန်းလေးပေါ်က လက်ခနဲ ရဲခနဲ ဖြစ်သွားတတ်တာက သူ့ ဆေးလိပ်မီးလေးပါ...။

အဲ့ဒီ ဆေးလိပ်မီး ရဲရဲလေးကို အိမ်ထဲက အမှောင်လေး ကနေ ခိုးကြည့်နေတဲ့ ကိုယ့် အဖြစ်ကို သူတော့ သိမှာ မဟုတ်ပါဘူး ကွယ်..။ သူ မပြန်မချင်း အဲ့ဒီ ဆေးလိပ်မီး ရဲရဲ လေးကိုပဲ မမှိတ်မသုန်ကြည့်ပြီး.... သူ ဘယ်တော့ များမှ လိမ္မာလာမှာလဲ ဆိုပြီး ကြေကွဲ၊ ဆို့နင့် နေတဲ့ ကိုယ့် အဖြစ်ကိုလဲ သူ သိခဲ့မှာ မဟုတ်ပါဘူး..။

နောက်နေ့ ကိုယ် ကျောင်းတတ်ဖို့ မြို့ပြန်သွားရတော့မယ်ဆိုတော့.... ကိုယ့် အိမ်ရှေ့ကနေ ဆိုင်ကယ် နဲ့ ...အခေါက်ပေါင်း များစွာ ဖြတ်သွားနေတဲ့ သူ့ကို ကိုယ်လဲ စကားအရမ်းနဲ့ကို ပြောချင်လို့ အိမ်ရှေ့ ထွက်လာခဲ့တယ်....။

ကိုယ့် ကိုမြင်တာနဲ့ ဆိုင်ကယ်ကို ရပ်ပြီး... စိုက်ကြည့်နေတာ ... ကိုယ် အသက်ရှုတောင် မှားပါရဲ့ .... မင်းကိုလဲ ကိုယ် သိပ်လွမ်းနေတယ်လို့ .... ပြောလိုက်ချင်တယ်...ဒါပေမယ့် ပြောလို့ မဖြစ်ဘူးလေ.. ကိုယ် သူ့ကို ပြုပြင် နိုင်မယ်လို့ မမျှော်လင့်ရဲဘူး...။

"လိမ္မာရဲ့လား..ကျော် ၊ 10 တန်း ကျတယ်ဆို...၊ ဘာလို့ စာမကြိုးစား သလဲ ဟင်"

"ဇင်လေး....နင် ငါ့ကို ချစ်တယ် ပြောပါလား ကွာ...။ ငါ 10 တန်းအောင် အောင်ဖြေပြမယ်..၊ နင်မကြိုက်တာတွေလဲ ဘာမှ မလုပ်တော့ဘူး...နောက်ပြီး"
စကားကို ဆက်မပြောပဲ ကိုယ့်ကို ပဲ အကြာကြီး စိုက်ကြည့်နေတာကြောင့်

"ပြောလေ"

" ငါ့ လက်ရှိ ရီးစားတွေကိုလဲ ဖြတ်ပစ်ပါ့မယ်"

ဘုရား၊ ဘုရား.... သူ့ လက်ရှိ ရီးစားတွေတဲ့... ဒါဆို သူ၊ သူ ရီးစားတောင် ထားနေပြီပေါ့...နောက်ပြီး ရီးစားတွေ တဲ့ တစ်ယောက် မကဘူးပေါ့.... ကိုယ်မဟုတ်တဲ့ တစ်ခြား တစ်ယောက်တွေကို သူ ချစ်တယ်ပြော နေပြီးပေါ့ နော်.။
ကိုယ် တကယ့်ကို ကြေကွဲ ခဲ့ရပါတယ်....ကိုယ်ကတော့ သူ တစ်နေ့ လိမ္မာနိုးနဲ့ စောင့်နေလိုက်ရတာ... ရက်စက်လိုက်တာ... မထင်ခဲ့ပါဘူး ကွယ်..။

အဲ့ဒီနေ့မှာပဲ ...ကိုယ် သူ့ကို ဘယ်တော့မှာ ချစ်မှာ မဟုတ်တဲ့ အကြောင်းပြောပြီး... အိမ်ထဲပြန်ဝင်လာခဲ့တယ် ။ နောက်ဆုံးပါပဲ...သူ့ကို အဲ့ဒီနေ့ ကိုယ်ချစ်ရတဲ့ ကောင်လေး ချောချောလေး အဖြစ်မြင်ရတာ နောက်ဆုံးပါပဲ..။

နောက် ကျောင်းပြီးတော့ ကိုယ်လဲ ရန်ကုန်မှာ သင်တုန်းတွေဆက်တတ်၊ အလုပ်ထဲရောက်နဲ့... (3) နှစ်လောက် အဆက်အသွယ် ပြတ်သွားခဲ့တယ်..။ ကိုယ် က တမင် မစုံစမ်းတော့တာပါ... မချစ်သင့်တဲ့ ကောင်လေး ကို မေ့ပစ် ချင်တယ်လေ.. ။

" မေဇင် ရေ.... ဖုန်းလာနေတယ်"

"ဟုတ်.........လာပြီ..မမ"
ထူးထူးခြားခြား .... ရုံးကို ဖုန်းလာတယ်..။ ထူးခြားတယ် ဆိုတာက ရုံး ကဖုန်းနံပါတ်ကို ကိုယ့် မိသားစု ကလွဲပြီး အပြင်လူ မသိဘူးလေ... ။ အိမ်က ကိုယ့် ရဲ့ အစ်မ ကလဲ မနေ့ညက မှ ရန်ကုန်ကို တတ်လာပြီး ကိုယ့် အဆောင်ကိုရောက်နေတာ... အိမ်က လဲ ဆက်စရာ အကြောင်းမရှိဘူး..။ ဇဝေ ဇ၀ါ နဲ့ ဖုန်းကို ကိုင်လိုက်တော့

"မေဇေး....နင် သိပြီးပြီလား..."
"ဟယ် ... လှိုင်... ဘယ်သူများလဲလို့...ဘာလဲ မသိဘူး"

"ကျော်လေ..... နင်တို့ ရန်ကုန်က အကယ်ဒမီ ဆိုလား ဘာဆိုလား မသိဘူး အဲ့ဒီ ဆေးခန်းမှာ တတ်နေရတယ် တဲ့ အခြေအနေ မကောင်းဘူး တဲ့... အဲ့ဒါ နင် များသိမလားလို့"
" ဟဲ့....ဘာဖြစ်တာတဲ့လဲ...ဘာလဲ ... ငါမသိဘူးတော့"

"အရက်တွေ သောက်တာလေ...ငယ်ငယ်လေး နဲ့ အသည်း ကင်စာ ဆိုလား မသိဘူး... နင် သွားကြည့်လိုက်ဦးလေ.. သနားပါတယ်..။ ငါ အဲ့ဒါ နင့် ကို ပြောချင်လို့ နင့် ဖုန်းနံပါတ် ကို နင်တို့ အိမ်က တမင် သွားမေးပြီး ဆက်တာ "

နောက်ထပ် လှိုင် ပြောတဲ့ စကားတွေ လဲ မကြားမိတော့ပါဘူး...။ အရက်တွေ သောက်တာလေ ငယ်ငယ်လေးနဲ့ အသည်းကင်စာ ဆိုတာပဲ ကြားနေမိပါတော့တယ်..။
ဒါနဲ့ပဲ အကယ်ဒမီ ဆေးခန်း ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး...သူ အဲ့ဒီမှာ တတ်နေတာ ဟုတ်မဟုတ် ၊ အခန်းနံပါတ်တွေ မေးပြီး အဆောင်မှာ ခဏ ရောက်နေတဲ့ အစ်မ ကို အဖော်ခေါ်ပြီး ညတွင်းချင်းပဲ သူ့ ဆီကို ရောက်သွားခဲ့ပါတယ်..။

မမြင်ရက်စရာ......မျက်တွင်း ဟောက် ကြား မျက်လုံး ၀ိုင်းဝိုင်းလေး တွေကပြူးထွက်နေတယ်..၊ လက်မောင်း လေးတွေနဲ့ လက်ချောင်းလေး တွေက အရိုးပေါ်အရေတင် ဖြစ်နေပေမယ့်.... ဗိုက်ကြီးက အဆမတန် ကြီးနေလိုက်တာ...။ ပေါင်နဲ့ ခြေထောက်တွေကလဲ ဖော်ရောင်ပြီး အကြီးကြီး တွေ ဖြစ်နေတယ်..

ကိုယ် လေ... ကိုယ့် မျက်လုံး ကိုယ် မယုံနိုင်အောင် ပါပဲ.... ကိုယ်ချစ်ခဲ့ရတဲ့...အင်မတန် ချစ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်လား ၊ ဟုတ်ရော ဟုတ်ရဲ့လား... ။ အဲ့ဒီ အချိန်မှာ ကိုယ် ချစ်တယ်လို့ ထင်ခဲ့တဲ့ ကောင်လေး နားကို ကိုယ် မသွားရဲဘူး ၊ ကြောက်လို့....။ သူ့ အမေ နဲ့ စကားပြောနေတဲ့ ကိုယ့် အသံကို ကြားတော့ ... ခေါင်း က မလှုပ်ရှားနိုင် တဲ့ သူဟာ... မျက်လုံး လေးနဲ့ ကိုယ့် ကိုလိုက်ရှာ နေလို့.... သူ့ နားမှာ အားပေးစကားတွေ ပြောနေတဲ့ ကိုယ့် အစ်မ က...ကိုယ့်ကို လှမ်းခေါ်ပါတယ်...။

မရဲ တရဲ နဲ့ သူအနား ကပ်သွားတဲ့ ကိုယ့်ကို ကြည့်ပြီး.... သူ့ လက်ချောင်းလေးတွေ လှုပ်နေပါတယ်..။ အစ်မ က အလိုက်သိပြီး သူ့ လက်ဖ၀ါး လေးကို ကိုယ့် လက်ထဲ လာထည့်တော့မှ ကိုယ်လဲ သူ့လက်လေးကို ဆုတ်ထွေးပေးပြီး မျက်ရည်တွေ ၀ိုင်းလာတဲ့ သူမျက်နှာလေးကို ကြည့်ပြီး...ငိုချင်လိုက်တာ...။ ဘုရား၊ တရား ကို အားရုံပြု၊ မမေ့ဖို့ ပြောရင်း... ကိုယ် သူ့ရှေ့မှာ ငိုမိမှာ စိုးလို့ မြန်မြန် ပြန်လာခဲ့ရပါတယ်....။

တစ်ညလုံးလဲ အိပ်လို့ မပျော်ခဲ့တဲ့ ညပါပဲ.... နောက်နေ့ ကျတော့ ဖုန်းလာပါတယ်... သူ ညက ဆုံးသွားပြီတဲ့..။ မင်း ကိုယ့်ကိုများ စောင့်နေခဲ့သလား ကျော်ရယ်...။ ကိုယ် အရမ်းနဲ့ကို ခံစားရပါတယ် ကျေနပ်ပါတော့..။

(3) နှစ်လောက် လုံးဝ မတွေ့ရတဲ့ အချိန် အတွင်းမှာ ကိုယ် မင်းကို မေ့သင့် သလောက်မေ့ နေပြီ ကောင်လေး ရယ်..။ ခုတော့ မင်းဆုံးခါ နီး အချိန်လေး မှာတော့ ကိုယ့် တို့ ပြန်တွေ့ခွင့် ရခဲ့ပါရဲ့...။ ဒါပေမယ့် ကောင်လေး ရယ် အဟောင်းတွေ အသစ်ဖြစ်.... လုံးဝ ကို ပြန်မဆုံနိုင်တဲ့ နေရာ ကို မင်း အရင် ထွက်ခွာသွားခဲ့တယ်နော်...။ ခုဆို ကိုယ် ရွာပြန်ရင် မင်း နေခဲ့တဲ့ အိမ်လေး ကိုခိုးမကြည့်ရဲတော့ဘူး...၊ ဆိုင်ကယ် သံကြားရင် မင်းများလား လို့ မမျှော်လင့်ရဲတော့ဘူး.....။ အိမ်ရှေ့က ခုံတန်းလေးမှာလဲ ဆေးလိပ်မီး ရဲရဲ လေးကို တွေ့ရမလား လို့ .........

ပန်းရိုင်းလေး ရေ.... ခုတော့ မင်းဘယ်ရောက် နေပြီလဲ ကွယ်..........အေးချမ်းတဲ့ ဘုံဘ၀ တစ်နေရာမှာ လိမ်လိမ်မာမာလေး ရှိနေပါစေ ကောင်လေး ရယ်...။


ကိုရွာသား tag ထားတဲ့ ပိုစ့်လေးပါ..။ ကိုရွာသားရေ... ရေးချင်တာလေးတွေကို ရေးတတ်သလောက် ရေးပေးထားတယ်နော်..။

လွန်ခဲ့သော (3) နှစ်ခန့်က ကြွေလွင့်သွားသော ကိုယ့် ရဲ့ ပန်းရိုင်းလေး သို့ အမှတ်တရ...

Wednesday, August 19, 2009

စားကြမယ်...... ပျော်ကြမယ်.............။



ဟုတ်ကဲ့ ပါရှင်..... ဖိတ်စာထဲက အတိုင်းပါပဲ....22/08/09 (စနေနေ့) အဲ့နေ့ မှာ အားလုံး ပျော်ကြရမယ်လို့ လဲမျှော်လင့်ပါတယ်...။ ဒီဓာတ်ပုံ မပါလာလဲ ရပါတယ်ရှင့်..... ဓာတ်ပုံထဲ ကလူကိုယ်တိုင် အိမ်ပေါက်ဝ မှာ ငုတ်တုတ်ထိုင် နေမှာပါ...။ စိတ်မပူကြပါနဲ့နော်....။ အားလုံးပဲ .... လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်... တကယ်လို့ မလာနိုင်ရင်လဲ...နားလည်ပါတယ်ရှင်...............။

လာမည့်စနေနေ့ 22/8/2009 မှာ ဟောင်ကမ်းက မရောင်တို့အိမ်မှာ စုပြီးမုန့်စားပါမယ်။ စပွန်စာက အညီအမျှချစ်တဲ့ သီဟသစ် ၊ ကျန်ညီမ နှစ်ယောက် ဖြစ်တဲ့ နွေးနေခြည် နဲ့ မေဇင် တို့ပါ။
စားဖိုမှူးကြီး မစ် ထင်းထင်း ပါ။
လိပ်စာက
Blk 248, Huogang Ave 3,#6-426
Singapore 530248
အချိန်က နေ့လည် 12 နောက်ပိုင်းကနေ ညနေ 4 နာရီထိ(သီဟသစ် စံတော်ချိန် မဟုတ်)
အားလုံဆုံရအောင်တွေ့ကြမယ်လေ.
ကျေးဇူးပြုပြီးလာနိုင်မယ် မလာနိုင်ဘူး ဆိုတာ အကြောင်းပြန်ပေးပါ.......။

ဒါကတော့ ဓာတ်ပုံ ပိုင်ရှင် ရဲ့ မေလ်းထဲကနေ ဖိတ်ကြားလွှာပါရှင်......။း)


အားလုံးကိုယ်စား ပိုစ့်တင်လိုက်တာပါ... :D
ခင်တဲ့
မေဇင်

Friday, August 14, 2009

ဒီနေ့......... ကိုယ့် မွေးနေ့

"သမီးလေး ရေ..... ထတော့လေ ဒီနေ့ သမီးမွေးနေ့ အိမ်ရှေ့မှာ စံပါယ်တွေလဲ ပွင့်နေတာ ဖွေးနေတာပဲ... သမီး သွားခူးပြီး ဘုရားတင်.... မေကြီး ဆွမ်းတော်ပွဲ အဆင်သင့်လုပ်ထားပေးမယ်... သမီး မျက်နှာသစ် ပန်းခူးပြီးရင် ဘုရားကို ပန်း နဲ့ ဆွမ်းတော် ကပ်ရအောင်"
အသံနဲ့ အတူ စကားတွေတရပ်စပ်ပြောပြီး မေကြီး လာနှိုးလိုက်တဲ့ အချိန်မှာ ကိုယ်ဟာ မိုးအေးအေး မနက်စောစောမှာ အိပ်ရာက မထသေးပဲ နှပ်နေတဲ့ အချိန်ပေါ့….။

"အင်းးးးးးးးး ဟုတ် မေကြီး"

အပျင်းကြော တစ်ချက်ဆန့် ရင်း မေကြီး ကို ပြန်ဖြေလိုက်ပြီ့း  ပြတင်း တံခါးကို ဖွင့်လိုက်တယ် ဆိုရင်ပဲ အိမ်ရှေ့က ဖွေးဖွေးလှုပ်ပွင့်နေတဲ့ စံပါယ်ရုံ က ပျံ့ လွှင့် လာတဲ့ စံပါယ်နံ့မွှေးမွှေး လေးက စိတ်ကို လန်းဆန်းသွားစေပါသည်...။

အိမ်ပေါ်ကနေ တဒုံးဒုံး ပြေးဆင်းပြီး.... မျက်နှာကို သစ်တယ်ဆိုယုံလေး သစ်၊ သွားကို တိုက်တယ် ဆိုရုံလေး တိုက်ပြီး မေကြီး အသင့်ချထားပေးသော ဗန်းလေး ကို ကောက်ကိုင်ကာ စံပါယ်ရုံ ဆီသို့...........။

ပြီးတော့ ခူးလာသော စံပါယ်ပန်း လေးများကို ရေဆေး ၊ ပန်းကန် ပြားပြားလေးထဲ စေတီပုံလေး ထည့် ၊ မေကြီး ပြင်ပေးထားသော ဆွမ်းဗန်းလေး နှင့် ပန်းဗန်း လေးကို ကိုင်က ဘုရားကန်တော့ ၊ ပြီးတော့ ကိုယ့်မွေးနေ့ အတွက် ညဘတ် အိမ်မှာ ဓမ္မစကြာ ရွတ်ပေးမယ့် လူတွေကို ကျွေးမွေးဧည့်ခံ ရန်အတွက် အလုပ်ရှုပ်နေကြသော အိမ်နီးချင်းများ နှင့် အိမ်သားများကို လိုက်ကူ(ရှုပ်) ..........။

အဲ့ဒါ ကိုယ် အိမ်မှာ နေစဉ်က နှစ်စဉ် အမြဲ ပြုလုပ်ခဲ့သော ရိုးရှင်းသော ကိုယ့်မွေးနေ့လေးပါပဲ...။

ဒီလိုနဲ့ အိမ်ကနေ ဝေးကွာခဲ့တော့လဲ ..... ကိုယ့်အိမ်သားတွေက တစ်နှစ်မပြတ် စံပါယ်ပန်းခူးပြီး ဘုရားတင်၊ ဓမ္မစကြာ ရွတ်ပေးနေကြတုန်းပါပဲ....။ ကိုယ်..... မြန်မာပြည်မှာ နေပြီး အိမ်နဲ့ဝေးနေဲ့အချိန် ကတော့ ကိုယ်တိုင်ခူးခွင့် မရခဲ့တဲ့ စံပါယ်တွေကို မနက်စောစောထပြီး .... ဈေးမှာ သွားဝယ် ၊ ဘုရားတင် လုပ်ခဲ့ရတယ်.။

ခုဘယ်မှာလဲ.....ဒီနေ့ ကိုယ့်မွေးနေ့.... ကိုယ်စံပါယ်လေး တွေ နဲ့ ဝေးရတာလဲ ၂ နှစ်ပြည့်ပြီနော်...။ လွမ်းလိုက်တာ... ပြန်ချင်လိုက်တာ... မနက်စောစော နှိုးစက်မြည်သံ နေရာမှာ မေကြီးရဲ့ အသံလေး ကြားချင် လိုက်တာ..။

ဒီမနက် စောစောထတယ်.... အရင်က ဆွမ်းတော် မကပ်အားဘူး.... ဘုရားရှိခိုးပြီး ရုံးကို ပြေးရတာ... ဒီနေ့တော့ ဆွမ်းတော်ကပ်တယ်....၊ မေကြီး နဲ့ ဖေကြီးကို စိတ်မှာ အထူးအာရုံပြုပြီး ရှိခိုးတယ်.။ စံပါယ်လေးကတော့ ဘယ်နား ရှာရမလဲ မသိဘူးကွယ်...။ ညနေ ရုံးဆင်းရင် ဘုန်းကြီးကျောင်းသွားမယ်... ။ ကုသိုလ်လေးတွေ ရသမျှ လုပ်လိုက်ပါဦးမယ်....။

ဖေကြီး နဲ့ မေကြီးကို အရမ်းကျေးဇူးတင်ပါတယ်...။ လွန်ခဲ့တဲ့ 23 နှစ် နေ့လည် 13း0 မှာ ကိုယ့်ကို လူ့လောက ထဲ ခတ်ခတ်ခဲခဲ ရအောင် မွေးထုတ်ပေးခဲ့တဲ့ အတွက်ပါ.....။ တကယ်ကို ခတ်ခဲခဲ့ပါတယ်.... ကိုယ့် ခေါင်းက သူများထက်ကြီးတယ်လေ..... အဲ့ဒီခေါင်းကြောင့် မေကြီး သေခါနီးပဲတဲ့ ... အချိန်တော်တော်ကြာကြာ ဗိုက်နာရတယ်တဲ့... ဆေးရုံမှာ မမွေးပါဘူး... ၊ ကိုယ့် အိမ်မှာပဲ အိမ်နီးနားချင်း လက်သည်အဖွားကြီး တွေ နဲ့မွေးတာပါ..ဆရာဝန် .. မရှိတဲ့ ဆေးရုံနဲ့ ကိုယ့် ရွာလေးက 2 မိုင်ကျော်ဝေးပါတယ်..။

ကိုယ်တို့ရွာလေးက ဆေးရုံဆေးခန်း နဲ့ ဝေးကွာလွန်းတဲ့ အတွက် အရပ်လက်သည်တွေကိုပဲ အားကိုးရပါတယ်…။ အရပ်လက်သည် ဆိုတာကလဲ သူတို့မှာ ဘာဆေးပညာဗဟုသုတ မှ မရှိကြပါဘူး… ဒီလိုပဲ ရမ်းသမ်း ဟိုနှိပ် ဒီနှိပ်နဲ့ ပဲ ကလေးတွေ မွေးလာကြရတာပါပဲ… အန္တာရယ်လဲ အင်မတန်မှ ကြီးပါတယ်…။ တစ်ချို့ ဆိုကလေးတွေ အဖတ်မတင် တာတွေလဲ အများကြီးပါပဲ….အဲ့ဒီ ထဲကမှ ကိုယ်က ကံကောင်းလို့ ဒီက မောင်နှမ များနဲ့ သိခွင့် ကြုံခဲ့တာပါ..။ :P

မှတ်မှတ်ရရ ကိုယ့်ကို မွေးခဲ့ပေးတဲ့ အဖွားကြီး 3 ယောက်နာမည်က ၊ ဒေါ်အေးဆေး ၊ ဒေါ်အေးမှတ်၊ ဒေါ်အေးချယ် တဲ့.... အားလုံး ရဲ့ နာမည်တွေမှာ 'အေး' ပါတဲ့အတွက်.....၊ မိုးတွေ ရွာနေတုန်း၊ ကြာသာပတေး နေ့မှာ မွေး လို့ မေကြီး က 'မိုးအေး' လို့ နာမည်တပ်ပါသတဲ့ ၊ ဒါပေမယ့် ဖေကြီး ပေးတဲ့ နေ့နံသင့် ကိုယ့်နာမည်........ နန်းမေဇင်အေး က အတည်ဖြစ်သွားပါတယ်ရှင်...။

ဒီနေ့တော့.....၊ ကိုယ့်ကို မွေးခဲ့တဲ့ ဖေကြီးနဲ့ မေကြီး ကို အထူးလွမ်းတယ်၊ စပါယ်ရုံကြီး ရှိတဲ့ အိမ်ကို အထူးလွမ်းတယ် ၊ ဓမ္မစကြာ ရွတ်မယ့်လူတွေကို ကျွေးမွေးဖို့ လုပ်ကူနေကြမယ့် အိမ်နီးချင်းတွေကို အထူးလွမ်းတယ်.. ။

အသက် 23 နှစ်သာ ပြည့်သွားတယ်... မရင့်ကျက်သေးတဲ့ ကိုယ့်ကိုယ်ကိုယ် လဲ အမြဲ ဆုံးမနေရတယ်...။
ဖေကြီး နဲ့ မေကြီး တို့ရဲ့ ကျေးဇူးတွေကို စိတ်မှာ ရည်းစူး ပြီး ဒီပိုစ့်လေးကို ရေးလိုက်ပါတယ် ရှင်...။

Friday, August 7, 2009

ကိုယ့် ရဲ့ ခုတလော လေးက

ဟုတ်ကဲ့.....ခုတလော အလုပ်လေးနဲနဲများနေလို့(လယ်စိုက်ရင်း) ၊ ဘလော့ လေးကိုမ၀င်ဖြစ်တာတောင် ကြာပါပြီရှင်....။

ဒါပေမယ့် ကိုဗီလိန် နဲ့ ကိုမိုးကုတ်သား တို့ တဂ့်ထားတဲ့ ခုတလော လေးကို ခုတလော မှာမှ မတင်ရင် ခုတလော ခေတ်ကြီးထဲမှာ ခေတ်မမှီပဲ နေမှာစိုးလို့ တင်လိုက်ပါ့မယ် ရှင်.... အလုပ်တွေ ရှုပ်တဲ့ကြားက ရေးပေးရတာ ဖြစ်လို့ နားလည်ပေးပါနော်း)...။

တွေးနေမိတာက ။ ။ ကိုယ့် မိသားစုကို အသိမပေးပဲ တိတ်တိတ်လေး ..... ပြန်သွားပြီးတော့ ( ၀ါးးးးးးးး ) ဆိုပြီး ခြောက်လှန့် လိုက်ရင် အံ့သြ ၀မ်းသာ ပျော်ရွှင်သွားမယ့် ကိုယ့် အိမ်သားတွေရဲ့ မျက်နှာတွေကို တွေ့ရမှာပဲ...ပြီးတော့ ၀မ်းပန်းတသာ အော်ဟစ် ရယ်မြူးလိုက်မယ့် အသံတွေ....ကြားရမှာပဲ..။

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက။ ။ ငါတော်တော်လွန်နေပြီ....(အလုပ်မလုပ် ပဲ ဂိမ်းပဲ ဆော့နေတယ်).။

ကျန်းမာရေး ။ ။ ခုတော့ တော်တော်လေး ကိုကျန်းမာနေပါတယ်...၊ အပျင်းရောဂါ တစ်ခုက လွဲရင်ပေါ့..။

ဖတ်ဖြစ်နေတဲ့ စာအုပ်တွေက ။ ။ ဘာမှကို မဖတ်ဖြစ်ပါဘူး ရှင်.....။

ရောက်ဖြစ်နေတာက။ ။ လူကတော့ ရုံး နဲ့ အိမ် ပေါ့ ။ စိတ်ကတော့ ရောက်ချင်ရာ ရောက် ....။

ရေးဖြစ်နေတာက။ ။ ဘာမှလဲ မရေးဖြစ်ပါဘူး ရှင်... အလုပ်တွေတကယ်ကိုများတယ်.. အပြိုင်အဆိုင် တွေနဲ့ (level ဘယ်လောက်ရောက်ပြီးလဲ ပြိုင်တဲ့ လယ်တောထဲမှာပေါ့)....။

နားထောင်ဖြစ်နေတာက ။ ။ နားထောင်တယ်ရယ်လို့တော့ ဟုတ်ဘူးပေါ့... ဒါပေမယ့် အိမ်ရောက်တာ နဲ့ အဖြူရောင်သံစဉ် ဖွင့်ထားလိုက်တယ်... ကိုယ့်စိတ်ထဲ ကြိုက်တဲ့သီချင်း လာတော့လဲ နားထောင်ပေါ့...။


ရွတ်နေမိတာက။ ။ ငါ မကောင်းဘူး ငါတကယ် မကောင်းဘူး..စိတ်တွေကိုပြင်လိုက် ၊ ကိုယ့်စိတ်ကိုယ် ထိန်း ... အလုပ်ချိန်မှာ ဂိမ်းမဆော့နဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်...။


ဖြစ်ချင်နေတာက ။ ။ အင်း...တခုထဲတော့ မကဘူး တော်တော်များတယ်...၊ လောလောဆယ် ပီအာ ဖြစ်ချင်တာ... Rejected တဲ့ :P...။ နောက်တစ်ခုက ...... အလုပ်ကို လုပ်ချင်ရင် လုပ်မယ် ၊ မလုပ်ချင်ရင် မလုပ်လို့ ရတဲ့ ဘ၀ ပေါ့....။

စားဖြစ်နေတာက ။ ။ ခုတလော.... သူ ဟင်းတွေ ချက်ပို့ပေးနေတယ်.. သူ ချက်ပို့ပေးတဲ့ ဘာဟင်း ဖြစ်ဖြစ် စားဖြစ်နေပါတယ်...။

သနားနေမိတာက ။ ။ ကိုယ် တို့ သူဌေး ကို ၊ ၀န်ထမ်းတွေ လုပ်ချင်ရာ လုပ်နေကြတယ်... ဂိမ်းဆော့ တယ်(ကိုယ်လိုလူတွေ တော်တော်များ ) ၊ Chatting ၀င်နေကြတယ်..... သူဌေး မသိဘူးထင်တယ်...၊ လစာတွေ ပေးနေရတယ်...။

လွမ်းနေမိတာက ။ ။ ပြီးခဲ့တဲ့အရာရာ တိုင်းကို လွမ်းသလို စဉ်းစားရင် လွမ်းတယ်...။

မေ့လျှော့ပစ်နေမိတာက ။ ။ မိသားစု ကျန်းမာရေး.... စဉ်းစားလေ ရင်ပူလေ ပဲ... ဒါကြောင့် ကိုယ်တတ် နိုင်တာအစွမ်းကုန် လုပ်ပေးမယ် ကျန်တဲ့ ကျန်းမာရေးပိုင်း ကိုတော့ မေ့လျှော့ပစ်ထားမိတယ်...တွေးနေလဲ ကိုယ် ဒီကနေ ဘာမှ ပြုစုပေးနိုင်စွမ်း မရှိဘူးလေ... ရင်မောရလို့....။

ခါးသက်နေမိတာက ။ ။ သောက်နေရတဲ့ ဆေး နဲ့ လျှာ နဲ့ ထိမိချိန်...။

တမ်းတနေမိတာက ။ ။ ကျန်းမာ ပျော်ရွှင် မိသားစုဘ၀... ။ (ကျန်းမာရေး မကောင်းတဲ့သူ ရှိတဲ့ မိသားစု ဘ၀ ဟာ... ပျော်ရွှင်မှုတွေလဲ ဆိတ်သုန်း ရတယ်..။)

ကြိတ်ပြီးချီးကျုးနေမိတာက ။ ။ ကြိတ်ပြီးလဲ ချီးကျူးတယ် ၊ ပေါ်တင်လဲ ချီးကျုးတယ် ၊ သူမကတော့ ကိုယ်ကျိုးစွန့်ထားသော်လည်း..... စွမ်းဆောင်နိုင်ခွင့် မရသေးသောသူ... ။


ကြိတ်ပြီးအထင်သေးနေမိတာက။ ။ ကြိတ်ပြီးလဲ အထင်သေးတယ် ၊ ပေါ်တင်လဲ အထင်သေးတယ်... အရှက်မရှိတဲ့ သူတွေကိုပေါ့....။

ဆန္ဒမရှိတဲ့နေရာ ။ ။ သင်္ချိုင်းကုန်း.... သရဲ ကြောက်လို့...း( ။

ဆန္ဒရှိတဲ့နေရာ ။ ။ အမေ့အိမ်

မုန်းတီးနေမိတာက။ ။ စဉ်းစားရင်တော့ မုန်းတယ် ၊ မိသားစုနဲ့ခွှဲနေရတာ သူတို့ကြောင့်ဆိုပြီး ၊ ဒါပေမယ့် ဒီတိုင်းပဲမတွေးမိပဲ နေရင်တော့ ဘယ်သူ့ကိုမှ မုန်းမနေဘူး..။

ချစ်နေမိတာက ။ ။ မိသားစု ၊ သူ (ဟင်းတွေ ချက်ပြီး ပို့ပေးနေလို့) ...။း)

စိတ်ပျက်နေမိတာက။ ။ ကိုယ့်ဘာသာပေါ့... ဂိမ်းကြီးပဲ ဆော့၊ ဘလော့ ရိုးကိုးပေါက်လည်..အလုပ်မလုပ် ဘူးလေ. ရုံးမှာ...။း(

စွဲလမ်းနေမိတာက ။ ။ ဘလော့ နဲ့ ယာတောလေး..(ခုတလော နော်) .... ။

လိုအပ်နေတာ ။ ။ ငွေ ၊ ငွေ ၊ ငွေ.... ကြီးပဲတော့ မဟုတ်ဘူးပေါ့...ဒါပေမယ့် သူ(ငွေ)ရှိရင် လိုအပ်ချက်တွေ တော်တော်များများ ပြည့်စုံတယ်လေ...။ :P

တောင်းနေမိတဲ့ ဆု ။ ။ ဖြစ်ချင်တာတွေကို ဆု အဖြစ် မတောင်းတတ်ဘူး...။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက ။ ။ အာ.... ဒီ connection ကလဲ.... ကြာလိုက်တာ သူ့ စောင့်ရတာနဲ့ အလုပ်တွေ တော့ လွတ်ကုန်ပါပြီ....(လယ်ထဲမှာ သူရင်းငှား လိုက်လုပ်တာလေ ... ခုတလော ဆိုတော့ ခုတလော အဲ့ဒါပဲ လုပ်ဖြစ်နေတာကိုး ) ။


ဝန်ခံချင်တာက ။ ။ ဘာရေးရမလဲ မသိဘူး ဖြစ်နေချိန်မှာ... ဒီလိုပေါ့ပေါ့ပါးပါး လေး တဂ့် လာပေးတဲ့ အစ်ကိုတော် နှစ်ယောက် ကို ကျေးဇူးတင်ပါတယ် လို့..........း) ။

ခုရေးထားတာလေး တွေက ခုတလော လေးအတွက်ပါ.... အမြဲ တမ်းအတွက်တော့ မဟုတ်ဘူးပေါ့...။ ဥပမာ ဂိမ်းဆော့တာ... တကယ့်ကို ခုတလော လေးပါ....း) ။
နောင့် ခုတလော သူတို့ ဘာလုပ်နေတယ်ဆိုတာ ဆက်ပြီးတော့ သိချင်နေမိတယ်.....။
ငှက်ထောထောနွေး (သူကတော့ ပြန်လာမှ ရေးပေးမယ်တဲ့) ဘယ်အချိန် ရေးရေး... ၊း)






Friday, July 31, 2009

ကိုယ် သိသော.... အချစ်ဆိုသည်မှာ...

" ဒီကြက်ခေါင်းကြီး မကြိုက်ဘူးလေ.... ကိုကြီး ကဘာလို့ နောင့်ပန်းကန်ထဲ လာထည့်ပေးတာလဲ"

"ညီမလေးပဲ ကြက်ရိုး ကိုက်ချင်တယ်ဆို “

"နောင့်..ပြောတာ ကြက်ရိုး ၊ ကြက်ခေါင်း ဟုတ်ဘူး"

"မေကြီးပန်းကန်ထဲ ထည့်လိုက်သမီးလေး...မေကြီးကြိုက်တယ်"

အဲ့ဒီအချိန်ထဲက မေကြီး ကြက်ခေါင်းပဲ အမြဲစားရတော့တယ် ။ တစ်ခါတစ်လေ... မေကြီး ပုဂံထဲက ကြက်ခေါင်းကို ဖေကြီးက တစ်ခါတစ်လေ ယူစားတာတွေ့ပေမယ့်...အဲ့ဒါ မေကြီး တကယ်မကြိုက်လို့ဆိုတာ အဲ့ဒီတုန်းက မသိခဲ့ပါဘူး.....။

"သမီးလေး...ညကချောင်းတွေဆိုးနေလို့... စောင်များကွာနေလား ထကြည့်တော့ ၊ သမီးလေး ကမကွာဘူး၊ သားကြီးက စောင်နဲ့လူတခြားစီ၊ သမီးကြီး ကလဲ အိပ်လိုက်တာသိုးလို့"
အဲ့ဒီလို ညတိုင်း အိပ်ပျက်ခံပြီး စောင်ကွာမကွာထကြည့်ပေးခဲ့တဲ့ မေကြီး ရဲ့ ချစ်ခြင်းက ကိုယ့်အတွက် မေကြီးခြုံပေးထက်စောင်တဲ့ နွေးခဲ့တယ်။

" သမီးကြီး အတွက်ဈေးထဲနာရီ ၀ယ်ဖို့သွားရင်း၊ ငါ့သားကြီး ဆိုဆိုနေတဲ့ အဆိုတော်ရဲ့သီချင်းစာအုပ်တွေ့လို့ ၀င်ရွေးနေတာ ၊ ပြီးတော့ သမီးလေး စပျစ်သီးကြိုက်တာ သတိရလို့ မြို့ရောက်တုန်းလေး ဆိုပြီး သွားဝင်ဝယ် တာကွာ..... ကားမမှီလို့ မနဲ တော်တော် ဝေးတဲ့ အထိ ပြေးလိုက်ရတာ ငါ့နှယ် မောလိုက်တာ...၊ ဒါပေမယ့် သူတို့ လိုချင်တာလေးတွေ ၀ယ်လာရလို့ မောရကြိုးတော့ နပ်ပါတယ်"

ညကြီးမိုးချုပ်မှ မောမောပန်းပန်း ပြန်လာပြီး အမောမဖြေအားပဲ ကိုယ် တို့လိုချင်တဲ့ ပစ္စည်းလေးတွေ ထုတ်ပြပြီး ပြောခဲ့တဲ့ ချစ်ခြင်းအပြည့်နဲ့ဖေကြီး စကား စပျစ်သီးလေးထက် ချိုခဲ့တယ်....။
အဲ့ဒါ တွေက ကိုယ် အိမ်နဲ့ မဝေးခင်ထိ ကြုံခဲ့ ရတဲ့ ချစ်ခြင်း.... ဘယ်အရာကိုမဆို ...သားသမီးတွေ အတွက် တွေးပြီး မိမိဆန္ဒဆိုတာပျောက်ဆုံးနေခဲ့တဲ့ ဖေကြီး နဲ့ မေကြီး ရဲ့ အချစ်တွေပေါ့...။

ဒီလိုနဲ့ ၁၀ တန်းအောင်လို့ ကိုယ် တောင်ငူမှာကျောင်းလာတတ်ရင် အဆောင်နေရပြန်တယ်....။


" ဟဲ့ နှင်းနှင်း...... နင် နဲ့ ဇော်မောင် ကြိုက်နေကြပြီဆို ၊ ဘယ်လို ကဘယ်လို ကြိုက်သွားတာလဲ "

" ဇော်မောင် က ငါ့ဆီကို နေ့တိုင်းလာနေတာ .... နင် အသိပဲ နောင့် ရယ်.. ၊ သူ မလာရင် ငါမျှော်တယ် ...၊ သူရောက်လာရင် ငါပျော်တယ်..... အဲ့ဒါ ငါ သူ့ကို ချစ်လို့ပေါ့ .... အဲ့ဒါကြောင့် သူတောင်းထားတဲ့ အဖြေ ပေးလိုက်တာ "

အင်း..... ကိုယ်ထင်တယ် ... အဲ့ဒီ အချစ် ကတော့ နီးစပ်မှုကြောင့်ဖြစ်မယ်လို့ ....။

ကျောင်းပြီးလို့ ရန်ကုန်မှာ အလုပ်ထဲရောက်ပြန်တော့...
"ကေသီ.... ဟိုမှာ... နင့် မောင် စောင့်နေပြီ၊ အချိန် အတိအကျပဲနော် ၅ နာရီ "

"ဟာ...မောင် ကလဲ ရုံးရှေ့အထိ လာမကြိုဖို့ပြောထားတယ် နောင့် ရဲ့ ... အဲ့ဒါကို လာကြိုတယ် စိတ်တိုလိုက်တာ"

ရုံးအတွင်းခန်းထဲကို ကြည့်ပြီး ပစ္စည်းတွေ ကပြာကရာ ကောက်ထည့် ထွက်သွားတဲ့ ကေသီ နဲ့ သူ့ ချစ်သူ မောင်တို့ရဲ့ လိုက်ဖတ်ညီလှတဲ့ အတွဲလေးကို ငေးပြီး ကြည်နှုးမိတယ်..။ သူတို့အတွဲလေးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး ချောတာချင်းလဲ ညီလို့ ကိုယ်သိပ်သဘောကျတဲ့ အတွဲလေးပေါ့..

ဒါပေမယ့် တစ်နေ့မှာ တော့ ကေသီ ပြောလိုက်တဲ့ စကားတစ်ခွန်း..

" ဟုတ်တယ် နောင့်... ငါ ကိုအောင့် ကို လက်ခံလိုက်တယ်.... မောင့် ကိုသိပ်ချစ်ပေမယ့်... မောင် ကငါအထင်ကြီး လာအောင် မစွမ်းဆောင်ပြနိုင်ခဲ့ပါဘူး.... ငါ နဲ့ မောင် ဘွှဲ့ရတာချင်းတူတူ ခုချိန်ထိ မောင် ဝေလေလေ လုပ်လို့ကောင်းတုန်းပဲ.. ကိုအောင်ဆိုရင် ငါတို့နဲ့ အသက်ဘယ်လောက်မှ မကွာပေမယ့် ငါတို့ ရုံးမှာ ရာထူးချင်း ဘယ်လောက်ကွာထားလဲ... ၊ သူဌေး နဲ့ စကားပြောနေရင်များ ပိုင်ပိုင်နိုင်နိုင် ရွံ့နေတာ ကြောက်နေတာ မရှိဘူး ငါငေးကြည့်နေခဲ့ရတာ ခဏခဏပဲ... မောင့် ကိုလဲ သူ့လိုဖြစ်စေချင်တယ်...ချစ်ခဲ့တဲ့ ၅ နှစ်အတွင်း သံယောဇဉ်တွေကြောင့် ငါ မောင့်ကို သည်းခံ စောင့်နေခဲ့တာ...ခု ငါ အထင်ကြီးတဲ့ ကိုအောင် ကငါ့ကို ချစ်ခွင့်ပန်လာတော့ ငါ မငြင်းချင်ဘူးလေ "

သြော် ... အချစ်ဆိုတာ အထင်သေးရင် ပျောက်ကွယ် တတ်ပြီး အထင်ကြီးမိရင် ဖြစ်ပေါ်တတ်တာပဲနော်...။

နောက်တစ်မျိုးကြတော့.......

"ဘာရယ်.. မမ နဲ့ အောင်သူ ... ဟုတ်ပါ့မလား သွယ် ရယ် နင်ကလဲ"

"နင် မယုံရင် မေးကြည့်ပေါ့... ဟုတ်ပါတယ်ဆို ငါ့ မျက်စိနဲ့ သေချာမြင်ခဲ့တာ "
အဲ့ဒီအချိန် ရုံးထဲ ၀င်လာတဲ့ မမ ကြောင့် ကိုယ်တို့တွေ မသိမသာ စကားလွှဲလိုက်ရတယ်..။ <

ဟုတ်တယ်....မေဇင် ၊ အဲ့ဒီလို အောင်သူ က သူများ ခိုင်းတာတွေကို မညီးမငြူ စေတနာ နဲ့ သွက်သွက်လက်လက် ကူညီနေတာကို ကြည့်ပြီး မမ သနားခဲ့တယ်... ၊ မမလဲ မထင်ခဲ့ပါဘူး.... ဒါပေမယ့် မမ သနားပြီး ချစ်သွားမိတယ် "

ရုံးက အရာရှိ မမ နဲ့ ရုံးစားရေး တောက်တိုမယ်ရ လိုက်ကူတတ်တဲ့ အောင်သူ တို့ရဲ့ ဇတ်လမ်းက သနားခြင်းက စတယ်တဲ့.....။

ကဲရှင်.............အချစ် ဆိုတာ
ဖေကြီး နဲ့ မေကြီး ၊ ကိုယ်တို့ အပေါ်ချစ်တဲ့ အချစ် နဲ့အတူ
နီးစပ်မှု ကြောင့်လား.....
အထင်ကြီးမှု ကစတာလား.....
သနားခြင်းက စတာလား.....
အဲ့လို အချစ် အမျိုးမျိုးတွေ တွေ့ခဲ့ဖူးပါတယ်...။
တစ်ချို့ကလဲပြောပြန်တယ် မျက်စိ ကစတာတဲ့...

ဒါပေမယ့် သေချာတာကတော့ ချစ်ပြီးရင် ပူပင်သောကတွေ လာတော့မယ်..။ ပျော်စရာတွေလဲ ကြုံရမှာပဲ..။ မိဘတွေက တော်တဲ့ လိမ္မာတဲ့ သားသမီးတွေ အတွက် ပျော်ရွှင် ကြည်နှုးရသလို ၊ ဆိုးတဲ့ သားသမီးတွေ အတွက် ပူပင်သောကတွေ များရမှာပါပဲ...။

ဒီလိုပဲ ချစ်သူတွေ ရဲ့ ကြားမှာလဲ ....... ပျော်စရာ၊ စိတ်ကြည်နှုးစရာတွေ ရှိသလို့ မျက်ရည်နဲ့ ရောစပ်ထားတဲ့ ပူပင်သောကတွေလဲ အများကြီး နေမှာပါ..။
ဒါပေမယ့် လူတိုင်း(ပုထုဇဉ်) အချစ်နဲ့ ကင်းနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်ရှင်....။ အပျိုကြီး ၊ လူပျိုကြီးများ ဖြစ်လင့်ပစေ.. ကြုံခဲ့ဖူးကြမှာပါ... ၊ နောက်ဆုံး ကိုယ့် မိဘ မောင်နှမ အပေါ်တော့ ချစ်ဖူးကြမှာပါနော်...။

ကိုယ့် အတွက်ကတော့ အချစ်ဆိုတာ……… ၊ အထင်ကြီး ၊ အားကိုးခြင်း ၊ မြတ်နိုးကြင်နာခြင်း ၊ ပေးဆပ်၊ ရယူခြင်း .... ;)

ကိုယ့် ရဲ့ ချစ်သူကို မေးကြည့်တော့….

“အချစ်ဆိုတာ … ကိုယ့်အတွက်တော့ နောင့်နောင့် ပါပဲ” တဲ့ ။

“ကိုယ့် ဘ၀ တစ်လျှောက်လုံး နောင့် နဲ့အတူ လက်တွဲသွားရမယ်ဆိုရင် ပြည့်စုံပြီလို့ ခံစားရတယ်” တဲ့….။

သူက အဲ့ဒီလောက်ပဲ ပြောတယ်… ၊ ကိုယ် လဲထပ်မေးဖို့မလိုအပ်တော့ပါဘူးလေ…၊ တစ်ခါတစ်လေ အများကြီးပြောတာထက် စိတ်ချင်းဆက်သွယ်ပြီး ပြောနေရတာ ပိုကောင်းတယ် မဟုတ်လား…..။

မက်မက်လေး ရေ…… ကိုယ်သိခဲ့ဖူးတဲ့ အချစ်အကြောင်းလေးတွေကို သိသလောက် တတ်သလောက်လေး ရေးထားတယ်နော်…။ စိတ်ကျေနပ်မှုမရှိသော်လဲ… ကျေနပ်ပေးပါနော်။