Wednesday, August 26, 2009

........ငယ်ငယ်တုန်းက ပန်းရိုင်းလေး........

ငယ်ငယ်တုန်းက ပန်းရိုင်းလေး......
ခုဘယ်မှာများရှိနေမလဲ တော့ မသိတော့ပါဘူးလေ...။
ကိုယ့်ထက် တစ်နှစ်ကြီးပေမယ့်... ကိုယ့်ထက် 2 တန်းငယ်သူ.... ကိုယ် 8 တန်း ၊ သူ 6 တန်း နှစ်မှာပေါ့...။
ညနေ ကျောင်းဆင်းချိန်.... စက်ဘီးထားတဲ့နေရာမှာ ကျောင်းသား ကျောင်းသူတွေ အလုအယက် စက်ဘီး ထုတ်နေကြရင်....ကိုယ် ၊ လှိုင် နဲ့ ၊ ခိုင် တို့က အဲ့လို လူရှုပ်ရင် မထုတ်တတ်လို့ လူနဲနဲရှင်းအောင် စောင့်ပြီးတော့ မှ အမြဲ စက်ဘီးကို ထုတ် တယ် ..။

" မေဇေး .... နင့် စက်ဘီး ရှေ့ခြင်းထဲမှာ... ဘာလဲ"
ကိုယ်နဲ့ အစ်မ နှစ်ဝမ်းကွဲလဲဖြစ်.. အတန်းဖော် သူငယ်ချင်းလဲ ဖြစ်တဲ့ ခိုင် ရဲ့ အမေးကို ကြားမှ....စက်ဘီး နောက်ကယ်ရီယာခုံမှာ လွယ်အိတ်ကို ကြိုးနဲ့တုတ်ရင်း... ရှေ့ခြင်းထဲကို ကြည့်လိုက်တော့....ပလစ်စတစ် အကြည် လေး နဲ့ ပတ်ထားတဲ့ ... နှင်းဆီပန်းငုံ လေး...။
(ခိုင် နဲ့ လှိုင် တို့က ကိုယ့်နာမည် မေဇင်အေး ကို အမြန်ခေါ်ရင်း.. မေဇေး ပဲ ခေါ်နေကြ )

" နှင်းဆီပန်းငုံ လေးတော့်"

ပြောရင်း.... ဘေး ကို ဝေ့ ကြည့်လိုက်တော့.... ကျောင်းရှေ့ ညောင်ပင်ကြီး အောက်မှာ စက်ဘီး ပေါ်ကနေ ခြေဖျားလေး ထောက်ပြီး ရပ်ကြည့်နေတဲ့ .... ကျော်....။

ကျော်.... ကျော်ဆိုတာ လူဆိုးလေး ပါ...။ မဲနက်နေတဲ့ မျက်တောင်မွေးရှည်ရှည် ကော့ကော့တွေ ရံထားတဲ့ သူ့မျက်လုံးက ယောင်္ကျားလေး တန်မယ့် ၀ိုင်းစက်ကြည်လင်နေတာ...၊ မျက်ခုံးမွေး ကလဲ ထူပြီး မဲခဲနေလို့ အဲ့ဒီမျက်လုံး နဲ့ မျက်ခုံး လေး ကြောင့်ပဲ.... မိန်းကလေး တော်တော်များများ ရဲ့ အာရုံကို ယူထားတယ်..။ ပြီးတော့ အတန်းထဲမှာ ဆိုးတယ်လို့ နာမည်ကြီးပေမယ့်.... အဲ့ဒီချစ်စရာ မွေးရာပါ အကျိုးပေးကောင်းတဲ့ ရုပ်ရည်လေး နဲ့ စကားသံ ချိုချိုလေး တွေကြောင့် ဆရာမ တွေရဲ့ အချစ်တုံးလေးလို့လဲ ကိုယ် ကြားဖူးထားတယ်လေ...။

ကိုယ်ဟာ.... 8 တန်း ကျောင်းသူ ဖြစ်တဲ့အထိ ... ခန္ဒာကိုယ် သေးသေးညှက်ညှက်လေး နဲ့ အတန်းတူတွေ ကြားမှာ အသက်ကလဲ သူများထက် 1 နှစ်အမြဲ ငယ်လို့ (၅ နှစ်မပြည့်သေးပဲ ကျောင်းနေလို့ ပါ) ... သူငယ်ချင်းတွေကလဲ လူရာသွင်း မဆက်ဆံ အမြဲ ကလေး လို အထင်ခံနေရသူပါ...။

ဒါပေမယ့် ကျော့် ရဲ့ က အဲ့ဒီလို ရပ်ကြည့် နေတဲ့ အကြည့်ကို ခံလိုက်ရတဲ့ အခါမှာ..... ဘာမှန်းမသိတဲ့ ခံစားမှုနဲ့ ထူပူပြီး... အဲ့ဒီနေ့ က စက်ဘီးစီး ကျွမ်းတဲ့ ကိုယ် စက်ဘီး မှောက်ခဲ့တယ်.....။

နေ့စဉ် နေ့တိုင်း လာလာ ထည့်ထားတတ်တဲ့ နှင်းဆီပန်းငုံ လေးတွေကြောင့်.... ကလေး လိုအမြဲ ခုန်ပေါက် ဆော့ကစား ချင်တဲ့စိတ်ပဲ ရှိခဲ့တဲ့ ကိုယ်...ကျော့် မျက်လုံးထဲမှာ လှတယ်လို့ မြင်စေချင်ခဲ့တယ် ။
နောက်ပိုင်း ကျောင်းက အပြန်တွေမှာ သူငယ်ချင်း နှစ်ယောက်အမြဲ ရံပြီး ပြန်နေရက် နဲ့ သူ ဘယ်အချိန်များ ကိုယ့် အနားကိုရောက်လာခဲ့မလဲ မျှော်လင့်လာ.. ထင်တဲ့အတိုင်း... ကိုယ့် ရဲ့ သူငယ်ချင်း နှစ်ယောက် ရဲ့ ရန်တွေ့သံတွေကို သူ မမှုပဲ ကိုယ့် နားကို သူအရောက်လာခဲ့တယ်...။ ကလေး ဘ၀ ရင်ခုန်တတ်စ မှာ အဲ့လို ခပ်ချောချော အပြောချိုချို ကောင်လေး တစ်ယောက်ရဲ့ ကိုယ့်ကို အရေးပေး မှုတွေဟာ... ကိုယ့် အတွက်တော့ တကယ့်ကို ကျေနပ်ကြည်နှုးစရာ ပေါ့။

" မေဇေး.. အဲ့ဒီကောင် နင့်ကို တကယ်ကြိုက်တယ်လို့ ထင်မနေနဲ့....နင် ဘာမှ ဘုမသိ ဘမသိနဲ့ မို့နင့်ကိုလိုက်တာ" တဲ့...

ခိုင့် စကား... ။ ခိုင် နဲ့ လှိုင် တို့က ကိုယ့် ကို သူ နဲ့ ချစ်သူတွေ ဖြစ်သွားမှာကို အရမ်း စိုးရိမ် နေကြတယ်.. ဒါပေမယ့် ကိုယ်လဲ လေ... ရင်ခုန်ကျေနပ် တာက လွဲလို့ 8 တန်းကျောင်း သူလေးဘ၀ နဲ့ ရီးစားထားဖို့တော့ စိတ်ကူး ထဲမှာ တောင် မရှိခဲ့ပါဘူး...။

နောက် တစ်ချက် သူ အရမ်းဆိုးတယ် တဲ့....။ စာလဲမတော် ၊ အားကစားလဲ မထူးချွန်... ဒီကြားထဲ အရက်ကလေး ၊ ဆေးလိပ်လေး လဲ ခိုးသောက်တတ်နေပြီတဲ့...။ မိဘ ပိုက်ဆံ ရှိတဲ့ အငယ်ဆုံးသားလေး ၊၀ိုင်းပြီး အလိုလိုက်ထားတော့ ပျက်စီးနေတဲ့ မိဘ က မဆုံးမ တဲ့ ကလေး တဲ့...။

ကိုယ်လေ ရင်ခုန်တတ်စ ကနေ စပြီးတော့ သူ တစ်ယောက်သာ...အိမ်မက်မင်းသားပါ....။ ဒါပေမယ့် သူ သိပ်ဆိုးတယ် ဆိုတာကိုလဲ ကြောက်တယ်..။ ငါ နဲ့ ကြိုက်ပြီးတော့မှ ငါ ပြုပြင်မယ်ဆိုတဲ့ စကားမျိုး ပြောတတ်တဲ့ အရဲစွန့်ရဲတဲ့ မိန်ကလေးမျိုး ထဲမှာလဲ ကိုယ်မပါဘူး...။

သူကတော့ ဇွဲကောင်းတုန်းပါပဲ...။ ကိုယ် 8 တန်း နှစ်ကတော့ ... ငါ ငယ်သေးတယ်... ပညာရေးကလွဲပြီး ကျန်တာ စိတ်မ၀င်စားချင်သေးဘူး ဆိုလို့... အဖြေထပ်မတောင်းပေမယ့်... ပန်းလေးတွေ ကတော့ နေ့စဉ် မပြတ် ကိုယ် လက်ခံ ရရှိနေဆဲပါပဲ..။

မှတ်မှတ်ရရ ကိုယ့် 10 တန်း အောင်စာရင်းကို သူသွားကြည့်ပေးတာပါ...။ 10 တန်းအောင်တော့ အဖြေ ထပ်တောင်းပါတယ်...။ ကိုယ် သူ့ကို စိတ်ဝင်စားတယ် ၊ ဆိုတာကို ကိုယ့်အမူအယာတွေကို မထိန်းချုပ်တတ်လို့ သူလဲ သိနေခဲ့ပါတယ်....ဒါပေမယ့် ကိုယ် ပါးစပ် က ထုတ်မပြောမချင်း တရားမှ မ၀င်တာပဲ..။

" ငါ ကျောင်းတွေ ဆက်တတ်ရဦးမယ်....နင် လဲ လိမ္မာပါ ကျော်ရယ်...နော်"

ခေါင်း ငိုက်စိုက် ကျသွားတဲ့ သူ့ ကို မမြင်ရက်ဘူး... ဒါပေမယ့် ဒီလို လူမျိုး ကို လက်တွဲဖော် အဖြစ် တွဲဖို့ ကိုယ် သတ္တိမရှိဘူး..။

ဒီလိုနဲ့ ကိုယ် ကျောင်းတွေ ဆက်တတ်ခဲ့ရတယ်...။ ကျောင်းပိတ်လို့ ရွာခဏပြန်တိုင်း... သူတို့ အိမ်ရှေ့က ဖြတ်ရင် ခိုးကြည့်ရတာလဲ အမောပါပဲ....၊ ဆိုင်ကယ်သံ ကြားတိုင်း သူများလားလို့ စောင့်ကြည့်ရတာလဲ မရိုးနိုင်ပါဘူး။ ကိုယ် သူ့ကို မေ့လို့ မရသေးဘူးလေ...။ ကိုယ် ပြန်ရောက်တာ ကြားတာနဲ့ သူလဲ အိမ်ရှေ့မှာ ဂီတာလာတီးတော့တာပါပဲ...။ ဂီတာ လာတီးနေတဲ့ အိမ်ရှေ့ ကခုံတန်းလေးပေါ်က လက်ခနဲ ရဲခနဲ ဖြစ်သွားတတ်တာက သူ့ ဆေးလိပ်မီးလေးပါ...။

အဲ့ဒီ ဆေးလိပ်မီး ရဲရဲလေးကို အိမ်ထဲက အမှောင်လေး ကနေ ခိုးကြည့်နေတဲ့ ကိုယ့် အဖြစ်ကို သူတော့ သိမှာ မဟုတ်ပါဘူး ကွယ်..။ သူ မပြန်မချင်း အဲ့ဒီ ဆေးလိပ်မီး ရဲရဲ လေးကိုပဲ မမှိတ်မသုန်ကြည့်ပြီး.... သူ ဘယ်တော့ များမှ လိမ္မာလာမှာလဲ ဆိုပြီး ကြေကွဲ၊ ဆို့နင့် နေတဲ့ ကိုယ့် အဖြစ်ကိုလဲ သူ သိခဲ့မှာ မဟုတ်ပါဘူး..။

နောက်နေ့ ကိုယ် ကျောင်းတတ်ဖို့ မြို့ပြန်သွားရတော့မယ်ဆိုတော့.... ကိုယ့် အိမ်ရှေ့ကနေ ဆိုင်ကယ် နဲ့ ...အခေါက်ပေါင်း များစွာ ဖြတ်သွားနေတဲ့ သူ့ကို ကိုယ်လဲ စကားအရမ်းနဲ့ကို ပြောချင်လို့ အိမ်ရှေ့ ထွက်လာခဲ့တယ်....။

ကိုယ့် ကိုမြင်တာနဲ့ ဆိုင်ကယ်ကို ရပ်ပြီး... စိုက်ကြည့်နေတာ ... ကိုယ် အသက်ရှုတောင် မှားပါရဲ့ .... မင်းကိုလဲ ကိုယ် သိပ်လွမ်းနေတယ်လို့ .... ပြောလိုက်ချင်တယ်...ဒါပေမယ့် ပြောလို့ မဖြစ်ဘူးလေ.. ကိုယ် သူ့ကို ပြုပြင် နိုင်မယ်လို့ မမျှော်လင့်ရဲဘူး...။

"လိမ္မာရဲ့လား..ကျော် ၊ 10 တန်း ကျတယ်ဆို...၊ ဘာလို့ စာမကြိုးစား သလဲ ဟင်"

"ဇင်လေး....နင် ငါ့ကို ချစ်တယ် ပြောပါလား ကွာ...။ ငါ 10 တန်းအောင် အောင်ဖြေပြမယ်..၊ နင်မကြိုက်တာတွေလဲ ဘာမှ မလုပ်တော့ဘူး...နောက်ပြီး"
စကားကို ဆက်မပြောပဲ ကိုယ့်ကို ပဲ အကြာကြီး စိုက်ကြည့်နေတာကြောင့်

"ပြောလေ"

" ငါ့ လက်ရှိ ရီးစားတွေကိုလဲ ဖြတ်ပစ်ပါ့မယ်"

ဘုရား၊ ဘုရား.... သူ့ လက်ရှိ ရီးစားတွေတဲ့... ဒါဆို သူ၊ သူ ရီးစားတောင် ထားနေပြီပေါ့...နောက်ပြီး ရီးစားတွေ တဲ့ တစ်ယောက် မကဘူးပေါ့.... ကိုယ်မဟုတ်တဲ့ တစ်ခြား တစ်ယောက်တွေကို သူ ချစ်တယ်ပြော နေပြီးပေါ့ နော်.။
ကိုယ် တကယ့်ကို ကြေကွဲ ခဲ့ရပါတယ်....ကိုယ်ကတော့ သူ တစ်နေ့ လိမ္မာနိုးနဲ့ စောင့်နေလိုက်ရတာ... ရက်စက်လိုက်တာ... မထင်ခဲ့ပါဘူး ကွယ်..။

အဲ့ဒီနေ့မှာပဲ ...ကိုယ် သူ့ကို ဘယ်တော့မှာ ချစ်မှာ မဟုတ်တဲ့ အကြောင်းပြောပြီး... အိမ်ထဲပြန်ဝင်လာခဲ့တယ် ။ နောက်ဆုံးပါပဲ...သူ့ကို အဲ့ဒီနေ့ ကိုယ်ချစ်ရတဲ့ ကောင်လေး ချောချောလေး အဖြစ်မြင်ရတာ နောက်ဆုံးပါပဲ..။

နောက် ကျောင်းပြီးတော့ ကိုယ်လဲ ရန်ကုန်မှာ သင်တုန်းတွေဆက်တတ်၊ အလုပ်ထဲရောက်နဲ့... (3) နှစ်လောက် အဆက်အသွယ် ပြတ်သွားခဲ့တယ်..။ ကိုယ် က တမင် မစုံစမ်းတော့တာပါ... မချစ်သင့်တဲ့ ကောင်လေး ကို မေ့ပစ် ချင်တယ်လေ.. ။

" မေဇင် ရေ.... ဖုန်းလာနေတယ်"

"ဟုတ်.........လာပြီ..မမ"
ထူးထူးခြားခြား .... ရုံးကို ဖုန်းလာတယ်..။ ထူးခြားတယ် ဆိုတာက ရုံး ကဖုန်းနံပါတ်ကို ကိုယ့် မိသားစု ကလွဲပြီး အပြင်လူ မသိဘူးလေ... ။ အိမ်က ကိုယ့် ရဲ့ အစ်မ ကလဲ မနေ့ညက မှ ရန်ကုန်ကို တတ်လာပြီး ကိုယ့် အဆောင်ကိုရောက်နေတာ... အိမ်က လဲ ဆက်စရာ အကြောင်းမရှိဘူး..။ ဇဝေ ဇ၀ါ နဲ့ ဖုန်းကို ကိုင်လိုက်တော့

"မေဇေး....နင် သိပြီးပြီလား..."
"ဟယ် ... လှိုင်... ဘယ်သူများလဲလို့...ဘာလဲ မသိဘူး"

"ကျော်လေ..... နင်တို့ ရန်ကုန်က အကယ်ဒမီ ဆိုလား ဘာဆိုလား မသိဘူး အဲ့ဒီ ဆေးခန်းမှာ တတ်နေရတယ် တဲ့ အခြေအနေ မကောင်းဘူး တဲ့... အဲ့ဒါ နင် များသိမလားလို့"
" ဟဲ့....ဘာဖြစ်တာတဲ့လဲ...ဘာလဲ ... ငါမသိဘူးတော့"

"အရက်တွေ သောက်တာလေ...ငယ်ငယ်လေး နဲ့ အသည်း ကင်စာ ဆိုလား မသိဘူး... နင် သွားကြည့်လိုက်ဦးလေ.. သနားပါတယ်..။ ငါ အဲ့ဒါ နင့် ကို ပြောချင်လို့ နင့် ဖုန်းနံပါတ် ကို နင်တို့ အိမ်က တမင် သွားမေးပြီး ဆက်တာ "

နောက်ထပ် လှိုင် ပြောတဲ့ စကားတွေ လဲ မကြားမိတော့ပါဘူး...။ အရက်တွေ သောက်တာလေ ငယ်ငယ်လေးနဲ့ အသည်းကင်စာ ဆိုတာပဲ ကြားနေမိပါတော့တယ်..။
ဒါနဲ့ပဲ အကယ်ဒမီ ဆေးခန်း ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး...သူ အဲ့ဒီမှာ တတ်နေတာ ဟုတ်မဟုတ် ၊ အခန်းနံပါတ်တွေ မေးပြီး အဆောင်မှာ ခဏ ရောက်နေတဲ့ အစ်မ ကို အဖော်ခေါ်ပြီး ညတွင်းချင်းပဲ သူ့ ဆီကို ရောက်သွားခဲ့ပါတယ်..။

မမြင်ရက်စရာ......မျက်တွင်း ဟောက် ကြား မျက်လုံး ၀ိုင်းဝိုင်းလေး တွေကပြူးထွက်နေတယ်..၊ လက်မောင်း လေးတွေနဲ့ လက်ချောင်းလေး တွေက အရိုးပေါ်အရေတင် ဖြစ်နေပေမယ့်.... ဗိုက်ကြီးက အဆမတန် ကြီးနေလိုက်တာ...။ ပေါင်နဲ့ ခြေထောက်တွေကလဲ ဖော်ရောင်ပြီး အကြီးကြီး တွေ ဖြစ်နေတယ်..

ကိုယ် လေ... ကိုယ့် မျက်လုံး ကိုယ် မယုံနိုင်အောင် ပါပဲ.... ကိုယ်ချစ်ခဲ့ရတဲ့...အင်မတန် ချစ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်လား ၊ ဟုတ်ရော ဟုတ်ရဲ့လား... ။ အဲ့ဒီ အချိန်မှာ ကိုယ် ချစ်တယ်လို့ ထင်ခဲ့တဲ့ ကောင်လေး နားကို ကိုယ် မသွားရဲဘူး ၊ ကြောက်လို့....။ သူ့ အမေ နဲ့ စကားပြောနေတဲ့ ကိုယ့် အသံကို ကြားတော့ ... ခေါင်း က မလှုပ်ရှားနိုင် တဲ့ သူဟာ... မျက်လုံး လေးနဲ့ ကိုယ့် ကိုလိုက်ရှာ နေလို့.... သူ့ နားမှာ အားပေးစကားတွေ ပြောနေတဲ့ ကိုယ့် အစ်မ က...ကိုယ့်ကို လှမ်းခေါ်ပါတယ်...။

မရဲ တရဲ နဲ့ သူအနား ကပ်သွားတဲ့ ကိုယ့်ကို ကြည့်ပြီး.... သူ့ လက်ချောင်းလေးတွေ လှုပ်နေပါတယ်..။ အစ်မ က အလိုက်သိပြီး သူ့ လက်ဖ၀ါး လေးကို ကိုယ့် လက်ထဲ လာထည့်တော့မှ ကိုယ်လဲ သူ့လက်လေးကို ဆုတ်ထွေးပေးပြီး မျက်ရည်တွေ ၀ိုင်းလာတဲ့ သူမျက်နှာလေးကို ကြည့်ပြီး...ငိုချင်လိုက်တာ...။ ဘုရား၊ တရား ကို အားရုံပြု၊ မမေ့ဖို့ ပြောရင်း... ကိုယ် သူ့ရှေ့မှာ ငိုမိမှာ စိုးလို့ မြန်မြန် ပြန်လာခဲ့ရပါတယ်....။

တစ်ညလုံးလဲ အိပ်လို့ မပျော်ခဲ့တဲ့ ညပါပဲ.... နောက်နေ့ ကျတော့ ဖုန်းလာပါတယ်... သူ ညက ဆုံးသွားပြီတဲ့..။ မင်း ကိုယ့်ကိုများ စောင့်နေခဲ့သလား ကျော်ရယ်...။ ကိုယ် အရမ်းနဲ့ကို ခံစားရပါတယ် ကျေနပ်ပါတော့..။

(3) နှစ်လောက် လုံးဝ မတွေ့ရတဲ့ အချိန် အတွင်းမှာ ကိုယ် မင်းကို မေ့သင့် သလောက်မေ့ နေပြီ ကောင်လေး ရယ်..။ ခုတော့ မင်းဆုံးခါ နီး အချိန်လေး မှာတော့ ကိုယ့် တို့ ပြန်တွေ့ခွင့် ရခဲ့ပါရဲ့...။ ဒါပေမယ့် ကောင်လေး ရယ် အဟောင်းတွေ အသစ်ဖြစ်.... လုံးဝ ကို ပြန်မဆုံနိုင်တဲ့ နေရာ ကို မင်း အရင် ထွက်ခွာသွားခဲ့တယ်နော်...။ ခုဆို ကိုယ် ရွာပြန်ရင် မင်း နေခဲ့တဲ့ အိမ်လေး ကိုခိုးမကြည့်ရဲတော့ဘူး...၊ ဆိုင်ကယ် သံကြားရင် မင်းများလား လို့ မမျှော်လင့်ရဲတော့ဘူး.....။ အိမ်ရှေ့က ခုံတန်းလေးမှာလဲ ဆေးလိပ်မီး ရဲရဲ လေးကို တွေ့ရမလား လို့ .........

ပန်းရိုင်းလေး ရေ.... ခုတော့ မင်းဘယ်ရောက် နေပြီလဲ ကွယ်..........အေးချမ်းတဲ့ ဘုံဘ၀ တစ်နေရာမှာ လိမ်လိမ်မာမာလေး ရှိနေပါစေ ကောင်လေး ရယ်...။


ကိုရွာသား tag ထားတဲ့ ပိုစ့်လေးပါ..။ ကိုရွာသားရေ... ရေးချင်တာလေးတွေကို ရေးတတ်သလောက် ရေးပေးထားတယ်နော်..။

လွန်ခဲ့သော (3) နှစ်ခန့်က ကြွေလွင့်သွားသော ကိုယ့် ရဲ့ ပန်းရိုင်းလေး သို့ အမှတ်တရ...

45 comments:

မေလေး said...

နောင်ရေ
ကြားရတာ စိတ်မကောင်းပါဘူး။ ဘာဘဲဖြစ်ဖြစ် ဖူးစာမပါလို့ဘဲ သဘောထားလိုက်ပါနော်။ သူ့ကောင်းရာဘုံဘဝ ရောက်ပြီး နောက်ဘဝများရှိခဲ့ရင် အဲလိုအဖြစ်ဆိုးမျိုး (ငယ်ငယ်လေးနဲ့ သေရတဲ့ဘဝမျိုး) မရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

အခုနင့်ကိုကိုလဲ နင်ကိုသိပ်ချစ်တာဘဲ ။
အရမ်းလဲ ဂရူစိုက်မဲ့ပုံပါဘဲ ဟယ်။

နွေးနေခြည် said...

စိတ်မကောင်းရာပဲနောင့်ရေ.. မျက်ရည်တောင်ဝဲတယ်။
ကံတရားနဲ့ ဖူးစာကံပဲပေါ့လေ...
ကျော်တယောက် ကောင်ရာသုဂတိလားပါစေ။

Bagothu said...

ငါသိပါတယ် နင်ဆေးခန်းသွားကြည့်တာ။

ရွက်လွင့်ခြင်း said...

ဒီလိုပါပဲ ညီမရေ
ဖူးစာမပါဘူးလို့  သတ်မှတ်လိုက်
ဟုတ်ပြီလား
ဇာတ်လမ်းလေးကတော့ ကြေကွဲစရာပါပဲ

ရွက်လွင့်ခြင်း said...

ဒီလိုပါပဲ ညီမရေ
ဖူးစာမပါဘူးလို့  သတ်မှတ်လိုက်
ဟုတ်ပြီလား
ဇာတ်လမ်းလေးကတော့ ကြေကွဲစရာပါပဲ

ကာရံဆူး said...

ကြေကွဲစရာ ဇာတ်လမ်းလေးပါပဲ...ကောင်ဆိုးလေး တစ်ယောက် ကောင်းရာဘုံ ရောက်ပါစေ...

Mogok Thar said...

နောင် ဘ၀တွေသာ ရှိခဲ့ရင် ကောင်းသော ဘ၀မှာသာ ရှင်သန်ငြိမ်းချမ်းပါစေ ပန်းရိုင်းလေးရေ။
ချစ်ညီမလေး နောင့်လဲ ငြိမ်းချမ်းအေးမြပီး ရိုးသားကြင်နာတတ်တဲ့ နောင့်ရဲ့ ကိုကို နဲ့ အမြဲ ပျော်ရွှင်ပါစေ။

ချစ်ခင်စွာဖြင့်

ဗီလိန် said...

သေပြန်ပဟ နောက်တစ်ယောက်။ :)

မြစ်ကျိုးအင်း said...

စိတ်မကောင်းစရာ အဆုံးသတ်လေးပါပဲ....။
ဘ၀တွေက ဆန်းကျယ်တယ်နော် ...
အားလုံးက ကိုယ့်ဘ၀နဲ့ ကိုယ် အဆင်ပြေအောင် နေနေ ရတာပါပဲလေ။

ယွန်းလေး said...

စိတ်မကောင်းလိုက်တာ နောင့်ရယ်..
ငိုတောင် ငိုချင်လာပြီနော်....

မယ်ကိုး said...

အဖြစ်မှန်ကို စိတ်မကောင်းဖြစ်တာထက် ညီမလေးစာအရေးအသားအရမ်းကောင်းလာတာကို ပိုသဘောကျမိတယ်။
စာတွေ များများရေးနော် ညီမလေး....
အားပေးလျက်....

ချစ်တဲ့
=)

မိုးခါး said...

စိတ်မကောင်းဖြစ်မိတယ် .. ဒါပေမယ့်လည်း ဘယ်သူမပြု မိမိမှုပေါ့နော် ..
မေဇင်လေး ခုတော့ ပျော်နေရပြီပဲ ..
မေဇင်သူငယ်ချင်းလေးလည်း ကောင်းမွန်ရာဘ၀ရောက်ပါစေ ဆုတောင်းပေးတယ်နော် ..

TnT said...

ဆုံးတဲ့ အထိဖတ်သွားပါတယ် နောင့်ရေ။

Anonymous said...

ကြွေသွားတဲ့ ပန်းလေးတစ်ပွင့်အတွက် ကျနော်လည်း ငိုပေးလိုက်ပါတယ်။ မနောင့်နောင့်ရေ တကယ့်ကို စိတ်မကောင်းဖြစ်သွားပါတယ်ဗျာ။
အဟောင်းတွေ အသစ်ဖြစ်စေတယ်ဆို ကျနော့ကိုသာ အပြစ်ဆိုပါလေ။
ခံစားချက်တွေ ထပ်တူမျှပေးတဲ့အတွက်
ကျေးဇူးပါခင်ဗျာ

kiki said...

၁။ နောင့်ရဲ့  တကယ့်ကိုယ်တွေ့  အဖြစ်လေးလား ဟင် ။
ဒါဆိုရင်တော့ နောင့်အတွက် ဝမ်းနည်း ၊ဝမ်းသာ ဖြစ်ရပါတယ်။ ဝမ်းနည်း ရတာ က နောင့်ချစ်တဲ့  အရိုင်းပန်းလေး နဲ့  အတူ ပျော်ရွှင်စရာ အချိန်လေးတွေ မရရှိလိုက်တဲ့  အတွက်ပါ ။
ဝမ်းသာရတာက နောင့် လူရွေး မမှားဘဲ ဆုံးဖြတ်ချက် မှန်ခဲ့ လို့ ပါ ။ အရိုင်းပန်းလေး အတွက်တော့ စိတ်မကောင်း ပါဘူးကွယ် ။ ကောင်းရာဘုံမှာ စံနိုင်ပါစေလို့  ဆုတောင်းပေးလိုပါတယ်..

၂။ တကယ့်ကိုယ်တွေ့  မဟုတ်ဘဲ စိတ်ကူးအတွေးလေး နဲ့ ရေးထားတာ ဆိုရင်တော့ အရေးအသား တော်တယ် ပြောရ ပါမယ် ။ ဖတ်သူ ကို ဆွဲဆောင်ပြီး ခံစားရအောင် ရေးနိုင်တယ် ။။

အားပေး နေတယ် နောင့်ရေ ...

ခင်မင်လျှက်
မမကိ

ဝသန်မိုး said...

စိတ်မကောင်းစရာ ဇာတ်လမ်းလေးပါလား
နောင့်ရေ
နောင့်ရဲ့ ပန်းရိုင်းလေးလည်း
ကောင်းရာဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းပေးတယ်နော်

စန္ဒကူးမေ said...

စိတ်မကောင်းဘူး...
ဒါပေမယ့်လဲလေ...ဖြစ်သမျှအကြောင်းအကောင်းပဲ ပေါ့..ခုထိမေဇင် အမှတ်တရ ဖြစ်နေသေးတာ သူသိတယ်ဆိုရင် ကျေနပ်မှာပါ...
လောကကြီးမှာမရှိတော့ပေမယ့် ရှိနေစဉ်မှာ တစ်ဦးတစ်ယောက်စိတ်ထဲမှာနေရာယူသွားခဲ့ဖူးတာ သူသိနေမှာပါ..

သားကြီး said...

တော်တော်ဆိုးတဲ့ အိပ်မက်မင်းသားပဲ
သူများစက်ဘီးမှောက်အောင်လုပ်တယ်
မကျေနပ်ဘူးး :P
အရင်ရည်းစားတွေဖြတ်ပါ့မယ်လို့ပြောပြီး
ရည်းစားစကားပြောကတည်းက ပန်းရိုင်းလေးမှားသွားပြီ ခုတော့လည်း
မေ့ဆေး.. အဲလေ မေဇေးနဲ့ တစ်သက်စာ
သေကွဲ ကွဲခဲ့ရပြီပေါ့
နောင်ဘဝကျရင် လိမ္မာတန်ကောင်းပါရဲ့

kokomaung.uk said...

ငယ်ငယ်တုန်းက ပန်းရိုင်းလေး မရှိရှာတော့ဘူးကိုး။
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးက ကြေကွဲစရာကောင်းတယ်နော်။
ညီမလဲ အခုထိသတိရနေဦးမယ်ဆိုတာ နားလည်ပါတယ်။

ကောင်းရာဘ၀ကို ရောက်ပါစေလို့ဘဲ ဆုတောင်းပေးပေါ့။

ပျော်ရွှင်ပါစေ။

ကျောပိုးအိတ် said...

သနားစရာဇာတ်လမ်းလေးပါ။ မေဇင်ဆုတောင်းနေသလို သူကောင်းမွန်ရာကို ရောက်မှာပါ။

ဘာလို့ လဲဆိုတော့ မသေခင်မှာ သူတွေ့ ချင်နေတဲ့ မေဇင်ကို တွေ့ သွားရလို့  နောက်ဆံတင်းမှာ မဟုတ်တော့ပါဘူး။

မေဇင်လဲ ခုထိသတိတရရှိနေတယ်ဆိုတာ သူသိရင် အရမ်းကို ပျော်မှာပါ။
း)

Lucifer said...

အင်းးးးးးးးးးးး ကောင်းတယ်..ဖတ်လို့ကောင်းတယ်...

ငယ် said...

နောင့်ရေ... တကယ် ခံစားရတယ်.....

Dream said...

:(
စိတ်မကောင်းဖြစ်အောင် ရေးသားချက်က အရမ်းဟတ်ဒ်ထိတယ်....း(

ကိုလူထွေး said...

ဆိုးလှပါလား မေဇေးရယ်....

ဒီအရွယ်မှာ ဒီလောက်ဆိုးရွားတဲ့ ရောဂါရတဲ့အထိ အရက်သောက်တယ်ဆိုတော့ ဘယ်သူမပြုမိမိမှုလို့ပဲ ပြောရမလား...

အရက်ထဲမှာ ဘာတွေထည့်ချက်မှန်းမသိ... အခုလဲ စက်ရုံကို မီးရှို့ပြေးတဲ့ ငနာစီးပွားရေးသမားတွေကိုပဲ အပြစ်ပုံရမလား...

ဆိုးလှတဲ့ ကြမ္မာလို့ပဲ မမြင်ရတဲ့ ဒြပ်မဲ့အရာတခုကို လွှဲချရမလား...

ဆိုးတာကတော့ ဆိုးလွန်းပါတယ် ညီမရယ်...

ဇော် said...

ဖတ်ပြီး တကယ်ကို စိတ်မကောင်းလဲ ဖြစ်မိပါရဲ့။
စိတ်ပျက်လက်ပျက်လဲဖြစ်မိပါရဲ့။ ဘာလို့ဆို တန်ဖိုးရှိတဲ့လူငယ်လေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကိုးနော်။
နောင့်ကတော့ တော်ပါတယ်။ ဦးနှောက်နဲ့ ထိန်းချုပ်နိုင်ခဲ့လို့လေ။

အကိုနေမကောင်းဘူးဆို။ ရွာပြန်တော့မယ်ဆို။ ကျနော်လဲ ပြန်မှာ ခွင့်၁လလေ။ လေယာဉ်လက်မှတ် လက်ထဲရောက်နေပြီ။ စက်တင်ဘာ ၂၆လေယာဉ်နဲ့။ =]

NweYoe said...

စိတ်မကောင်းပါဘူး နောင့်း(

ဝက်ဝံလေး said...

စိတ်မကောင်းဘူး နောင့်ရေ ဖတ်ပြီး မျက်ရည်ဝဲသွားတယ်

အလာနောက်ကျတာ ခွင့်လွှတ်နော် တကယ် မအားလို့ပါ ဘိုင်နော် တာ့တာ အခုတောင် နောင် အသစ်တင်ထားလို့ အပြေးလေး လာဖတ်တယ်နောင့်ရေ

ဘိုင်

Anonymous said...

စိတ်တော့ မကောင်းပါဘူး.. ဒါပေမဲ့ ဆုံးဖြတ်ချက်မှန်ခဲ့တာတော့ အမှန်ပဲ....။ ချစ်တာ တခုထဲ ကြည့်ပြီး ဇွတ်မိုက်လို့ မရဘူးလေ... ဘဝကို ဖြတ်သန်းဖို့ အချစ်တခုနဲ့ မလုံလောက်ဘူးဆိုတာ ခုတော့ သိပြီဟုတ်....။

rose of sharon said...

လွဲခဲ့ရသမျှတွေက လွဲသင့်လို့ပါကွယ်... ဟုတ်တယ်ဟုတ်

မင်းအိမ်ဖြူ said...

ပထမတော့ အပျော်လေးထင်လို့

စမလို့ ၊ နောက်ပြီး ကော့မန့်ထားမလို့

စိတ်မကောင်းဘူး ညီမရေ

ဘာပြောရမှန်းတောင်မသိတော့ဘူး

ကုသိုလ်ပြု ၊ ပေးလိုက်ပါလေ

ပျော်ရွှင်ပါစေ

ဘ၀တွေ အဆက်ဆက် ရှိခဲ့အုံးမယ်ဆိုရင် ချစ်တဲ့သူနဲ့ ပေါင်းရပါစေဗျာ

မင်းအိမ်ဖြူ

ခရေညို said...

ညီမလေး ရေ စိတ်မကောင်းပါဘူး။
ညီမလေးက ရေးတတ်လိုက်တာနော်။
ခံစားသွားပါတယ်

Angel Shaper said...

စိတ်မကောင်းအောင်ရေးတတ်တာလား။
အဖြစ်မှန်ကိုက စိတ်မကောင်းစရာကောင်းတာလား မသိတော့ပါဘူးတော်။
စိတ်မကောင်းဘူး။
သိတာတစ်ခု နှောင့်လေး အရမ်းရေးတတ်တယ်။
ဒါပဲနော်။
များများရေးဟ။။။

မငုံ said...

စိတ်မကောင်းဖြစ်ရပါတယ်။ ပန်းရိုင်းလေးတစ်ပွင့်လေးကို ခံစားသွားတယ်။

yangonthar said...

မ မေဇင်ရေ ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်မိပါ
တယ် စာအရေးအသားလေးကလည်း
ကောင်းတော့ စို့ နစ်ကြေကွဲရပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D

မေသူ said...

ရွတ်ဘတ်... မီးမီး မျက်ရည်မခိုင် ယိုင်လဲရပါတယ်။ အဟင့်...ဗြဲ...

လူကိုစိတ်မကောင်းအောင်လုပ်တယ် မုန့် ဝယ်ကျွေး
ဒါပဲ...

ရွှေပြည်သူ said...

ညီမလေးရေ... ဖတ်ရတဲ့သူပါ ကြေကွဲဆို့နင့်သွားပါတယ်။ နုငယ်သေးတဲ့အချိန်မှာ စိတ်ငြိမ်လောက်အောင် မရင့်ကျက်သေးတဲ့ သူ့ကို ညီမလေး မရွေးချယ်ခဲ့တာတော့ မှန်ပါတယ်။ ကံပါသလောက်ပေါ့ ညီမလေးရယ်...

MMO said...

Blog Day , နေ့တွင် ဤ post လေးကို လာဖတ်သွားပါ၏ ။

လင်းကြယ်ဖြူ said...

အင်း..ဟုတ်တယ်..စိတ်မကောင်းစရာပဲ..
ဒါပေမယ့်..မတည်မြဲခြင်းတရားဆိုတာ တည်မြဲနေလေရဲ့..
ဒီတော့လည်း..လွမ်းဆွတ်တတ်တဲ့ နှလုံးသားတွေက ရင်နင့်နေရပြန်တာပေါ့....
နှုတ်မဆက်ချင်ပဲ..ခွဲသွားသူတွေက ဘ၀မှာ ခဏခဏ တွေ့ခဲ့ရဖူးပါတယ်....

စည်သူ said...

ညီမရေ....

ဘာမှမပြောချင်တော့ပါဘူးကွာ..
အဲဒါမျိုးကို ဖတ်ရတာ နှစ်သက်တယ်..

ဒါပေမယ့်..
စိတ်က မခိုင်ဘူးဟ..

သူများဆီလာပြီး.... တ ဟား.. ဟား..

သူ့ဆီလာတော့.. ငိုမဲ့.. ငိုမဲ့
ဖြစ်ပြီး ပြန်သွားရတယ်..

ပျော်ရွှင်ချမ်းမြေ့ပါစေညီမရေ..
ကိုကိုကြီးကိုလညး ဂရုစိုက်နော်..

ခင်မင်စွာဖြင့်
စည်သူ။

သမီးပျို said...

နောင့်ရေ စိတ်မကောင်းလိုက်တာနော် စာအရေးအသားကတော့ တော်တော်ကောင်းတယ်နော် အရင်က နောင့်ကိုအားကျလို့ ၀တ္ထုရေးဖို့စိတ်ကူးရ သေးတယ် နောက်တော့ နောင့်လိုမရေးတတ်တာနဲ့ လက်လျှော့လိုက်တာ ခုတစ်ခါဖတ်ပြီး ရေးချင်စိတ်ဖြစ် လာပြန်ပြီ နေဦး အကြံထုတ်လိုက်ဦးမယ် ဖျစ်ညှစ်ရေး ကြည့်လိုက်မယ် လာလေရော့ မကောင်းတကောင်း တော်တော်ကြာရင်တော့ နောင့်ဖတ်ရမှာပါ လာမယ်နော် ဒါပေမယ့်ကြာမယ် ဟိဟိ ဂိုးပြီနောင့်ရေ

အိုက်ခီလောက် said...

ကောင်းလိုက်တာ အားရပါးရကိုဖတ်သွားတာ
မေဇင်ရေ အနော့နဲ့ များတူနေမလားလို့ 
အဟတ် အနော့လည်း ငမူးတစ်ယောက်ပါပဲလေ
အနော့တော့မဖြစ်လောက်ပါဘူးနော်
အဟားစတာပါ

Anonymous said...

ဖတ်ရတာ အရသာရှိတယ်.. စိတ်လည်းမကောင်းဘူး..

နေစိုးနိုင် said...

အဖြစ်မှန်နှင့် မဆန့်ကျင်သော
ရသမြောက်အောင် ရေးစွမ်းနိုင်သော ၀တ္ထု တစ်ပုဒ်ဖြစ်ပါသည်။

အကြောင်းအရာ မထူးဆန်းသော်လည်း ရေးသားတင်ပြပုံကောင်းမှုကြောင့် ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပါသည်

ချယ်ရီမြေ said...

မေဇင်ရေ ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်... ပန်းရိုင်းလေး ကောင်းရာသုဂတိလားပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ရောင်ပြန် said...

ငိုချင်လာတယ်...