Wednesday, July 15, 2009

နောက်ဆုံး အချိန် (နောင်တ)

" အမလေး သားလေး ရယ် မင်းတော့ ဒီဝဋ် ကကျွတ်သွားပြီပေါ့နော်... ကောင်းပါတယ် သားလေးရယ် မင်းကို မသေစေချင်ပေမယ့်... ဒီလောက်ဝေဒနာ ခံစားနေရတာကိုလဲ မကြည့်ရက်တော့ပါဘူး... "

ဘေးကုတင်မှ ရုတ်တရတ် အော်ငိုလိုက်သံကြောင့် အိပ်ပျော်နေတာ မဟုတ်ပဲ မိန်းမောနေရာမှ မျက်လုံးဖွင့်ကြည့်မိသည် ။ အော် သွားပြန်ပြီးပေါ့ တစ်ယောက် ။ ကျွန်မအလှည့် လဲ မကြာခင်ရောက်လာတော့ မှာပါ ။ အဘွားကြီး ငိုနေတာကို ကြည့်ပြီး အမေ့ ကိုပြင်းပြင်းထန်ထန် သတိရမိတယ် ။ အမေဆိုရင်လဲ ငိုမှာပဲပေါ့နော်...ဒါပေမယ့် အမေရယ်..။


အတွေးတွေကို မရှည်ချင်တာကြောင့် ဘေးဘီကို ဝေ့ကြည့်လိုက်တော့ တကယ့်ကို သေခါနီးလူမမာများ ပတ်လည်ဝိုင်းရံနေသော နေရာတစ်ခု ။ ဆေးရုံ ....ဟုတ်တယ် ဆေးရုံတောင်မှ အထွေထွေရောဂါကု ဆေးရုံမဟုတ်ပါ..လူအများ ရွံ့ကြောက်လှသော ဝေဘာဂီ ဆေးရုံကြီးမှာပါ ။ လွန်ခဲ့တဲ့ 2ပါတ်လောက်က စပြီး နေနေရတဲ့နေရာ တစ်ခုပေါ့ ၊ ခုထိ အသားမကျသေး အသားကျစရာ အကြောင်းလဲ တစ်စက်မှ မရှိပါ....။ ကိုယ်တိုင်သည်လဲ....မျက်တွင်းဟောက်ပတ် အရိုးခြောက်နဲ့၊ တစ်ချို့ အနာ ဗရပွနဲ့၊ တစ်ချို့ ညီးညူအော်ဟစ်လို့ ပြုစုစောင့်ရှောက်မယ့်သူမရှိ၊ ဟိုကြည့်လဲ ဒီရုပ် ဒီကြည့်လဲ ဒီရုပ် ၊ ကြောက်စရာ ကောင်းလှပါသည် ။ ဒါပေမယ့် တစ်ချို့.....မိသားစု ရဲ့ အပြုအစု အစောင့်ရှောက်ကောင်းမှု တွေကိုခံရတဲ့ လူတွေကတော့ နဂိုရုပ်ကမပျက်ကြသေး တဲ့သူကတော့ မပျက်ကြသေးဘူးပေါ့။ အင်း.....ကံဆိုးလို့ ဒီရောဂါရပေမယ့် ကံကောင်းလို့ မိသားစု ရဲ့ ပစ်ပယ်ထားခြင်း ကိုမခံရသေးသူတွေပေါ့ ။

ကျွန်မ .... ကျွန်မ ကတော့ မိသားစုကို ဒီ့ထက်ပိုပြီး ဒုက္ခပိုမပေးချင်တော့ပါ ။ ဒီရောဂါ ရနေမှန်းသိရင် ရွာက အဖေအို နဲ့ အမေအို ကျွန်မထက် အရင် သေလိမ့်မယ် ထင်ပါတယ် ။ အဖေ နဲ့ အမေ တို့ရဲ့ အသက်ကြီးမှ ရတဲ့တဦးတည်းသော သမီး ကျွန်မဟာ ရွာငယ်လေး မှာ မထင်မရှား မွေးဖွားလာခဲ့ ပေမယ့် သိတတ်တဲ့ အချိန်ကစပြီး ထင်ရှား ချင်လာတယ် ။ ရွာထဲမှာ စာတော်တော့ ထင်ရှားတယ် အဲ့ဒါကြောင့် ကျွန်မ စာတော်အောင် ကြိုးစားခဲ့ တယ် ။ 10 တန်းအောင်ရင် ထင်ရှားတယ် ။ ဒါကြောင့် ကျွန်မ 10 အောင်အောင် ကြိုးစားခဲ့တယ် ။ အသက်ကြီး နေကြပြီဖြစ်တဲ့ အဖေ နဲ့ အမေ ကတော့ သမီးလိမ္မာ အတွက် ပင်ပန်းကြပေမယ့် တပြုံးပြုံးနဲ့ပေါ့ ။ အသက်ကြီးမှ ရတဲ့ ကလေး ဖြစ်တဲ့အပြင် စာတော်တယ်ဆိုပြီး ဘာအလုပ်မှ မခိုင်းခဲ့ ပါဘူး ။ ကျွန်မကိုယ်တိုင်ကလဲ စာကျက်ရမှာကို အခွင့်ကောင်းယူပြီး ဘာတစ်ခုမှ မကူညီခဲ့ပါဘူးလေ ။ အဖေအိုကြီး ကျွန်မအတွက် ရေခပ်ပေးနေတာတောင် ရေပြည့်မှ ရေချိုးဖို့ ရေကန်ကို သွားခဲ့တဲ့ ကျွန်မပါ ။ အမေအိုကြီး ကျွန်မအတွက် ထမင်းချက်ပေး နေတာကို ထမင်းခူးပြီးမှ ထမင်းစားပွဲ အရောက်သွားခဲ့တဲ့ ကျွန်မ ပါ ။

ဒီလိုနဲ့ပေါ့ .....(10)တန်းလေးအောင်လာတော့ ကျွန်မ တက္ကသိုလ် တတ်ချင်တဲ့ ဆန္ဒတွေ တားမရခဲ့ဘူး။ အသက်ကြီးပြီဖြစ်တဲ့ အဖေ နဲ့ အမေက ကျွန်မကို (10)တန်းအောင်တဲ့ ထိကျောင်းထားတာတောင် ဟိုဟာလေး ရောင်းလိုက် ၊ ဒီဟာလေး ရောင်းလိုက် နဲ့ ဆိုတာ သိပေမယ့် ကျွန်မက

" အဖေ တို့က.... အသုံးကို မကျဘူး ၊ ဒီရွာမှာ ဒီနှစ် (10)တန်းအောင်တာ ကျွန်မ တစ်ယောက်ထဲ ရှိတာ ၊ တက္ကသိုလ်လေး တောင် မထားပေးနိုင်ဘူးလား... ဘာတာဝန်ကျေလဲ .. "


" အမေ ... ကျွန်မ ကဘာဆက်လုပ်ရမှာလဲ... 10 တနုးအောင်ပြီး ဘာဆက်လုပ်ရမှာလဲ ....ပြောပါဦး."


မှုန်ရီရီ မျက်ရည်ဝေ့နေတဲ့ မျက်လုံးလေး နဲ့ ကျွန်မ ကိုငေး ကြည့်ပြီး အမေ ဘာမှ မပြောတတ်ပါဘူး...။ ကျွန်မက အဖေ့ ကိုတောင်းဆိုနေချိန်ဆို အားကိုးတကြီးနဲ့ အဖေ့ ဘတ်ကို လှည့်ကြည့်ကာ ကြည့်ကာ နဲ့ပေါ့ ။ အဖေ လဲ သက်ပြင်းတစ်ရှိုက်နဲ့

"သမီးလေးရယ် .... အဖေ တို့ကို အချိန်ပေးပါဦးနော်.. အဖေ တို့လဲ အသက်ကြီးပြီဆိုတော့ သူရင်းငှား လဲ ကိုယ်က လုပ်ချင်ပေမယ့် သူများတွေက မငှားချင်တော့ဘူးလေ...။ ဒီအိမ်ခြံလေး ကိုပေါင်နှံပြီး ပေးဖို့ကလဲ အဖေ တို့မှာ ပြန်ရွေးနိုင်တဲ့ အင်အား မရှိဘူးလေ သမီးလေးရယ်...အဖေ တို့ ..... အဖေ တို့ တာဝန် မကျေဘူး....ဟုတ်တယ် တာဝန်မကျေဘူး "

ဆိုပြီး တိုင်နဲ့ ခေါင်းကို ဆောင့်ကာ ဆောင်ကာနဲ့ ပြောနေတော့....


" အမလေး ..... မလုပ်ပါနဲ့ ကိုရင်ရယ်"

ဟီးချ ငိုလိုက်တဲ့ အမေ့ အသံ..... " အိုး အားလုံး သွားစမ်းပါ..... ပြီးကျရင် ဒီလိုကြီးပါပဲ "
ကျွန်မ အားလုံးကို စိတ်နာတယ်...။ ဒါနဲ့ပဲ ကျွန်မ ဘာဆက်လုပ်ရမလဲ .....။


အဲ့ဒီ အချိန်မှာ ကျွန်မတို့ အိမ်ရှေ့ ကနေတဲ့ ကျွန်မ လုံးဝ အထင်မကြီးတဲ့ နီနီ တစ်ယောက် ရွာကို ပြန်လာပါတယ်...သူ ကမဲဆောက်သွားပြီးအလုပ်လုပ်နေတာလေ ။ ငွေကြေးလေး အသင့် အသင့် ပါလာပြီးတော့ သူ့ မိဘတွေကို ပေးတာ တွေ့တယ် ။ နောက်ပြီး ၀တ်ပုံစားပုံ လေးကလဲ..... အရင်က နီနီ မဟုတ်တော့ပါဘူး ။ အရင်က လုံးဝ အထင်မကြီးတဲ့ နီနီ ကိုကျွန်မ ပြုံးပြ နှုတ်ဆက် ပြီးအခြေအနေ တွေကို စုံစမ်းကြည့်မိတယ် ။ ဖြစ်နိုင်ရင် နီနီ ပြန်ရင် ကျွန်မ လိုက်ချင်တယ်လို့ပြောတော့....နီနီ ကပြောတယ်...

"အရမ်း ပင်ပန်းတယ် နင် လုပ်နိုင်မှာ မဟုတ်ပါဘူး " ...


" ဘာလို့ မလုပ်နိုင်ရမှာလဲ နီနီရယ် ... ငါဒီရွာလေး မှာလုံးဝကို မနေချင်တော့ဘူး ...ငါ့ အတွက် တတ်လမ်းလဲ မရှိဘူး ငါ့ကို ကူညီပါဟာ ။ ငါ အဲ့ဒီမှာ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်...ပြီးရင် ကျောင်းလာပြန်တတ်မယ်လေ ... ငါ့ကို အိမ်က ကျောင်းမထားပေးနိုင်တော့ဘူး ဟ"


" ဟိုမှာ ပိုဆိုးတယ် ... ဘာတတ်လမ်းမှ မရှိဘူး... တနေကုန် တညလုံး စက်ပဲ ချုပ်နေရတာလေ... အပြင်ကို တစ်လ မှတစ်ခါ ထွက်ခွင့် ရတာ...အဲ့ဒါတောင် အချိန်ပိုင်းလေးနဲ့ ...ပြီးတော့ နင် ရောက်ရောက်ချင်း အလုပ်သမား ကဒ်ရဦးမှာ မဟုတ်ဘူး... အဲ့လို ကဒ် မရသေးတဲ့ အချိန်ဆိုရင် နင် အပြင်ကိုတောင် ထွက်လို့ ရဦးမှာ မဟုတ်ဘူး "


ကျွန်မသူဘာပြောပြော ဂရုမစိုက်ခဲ့ပါဘူး ....ကျွန်မ ကြီးပွားမှာကို မနာလိုလို့ ပြောတယ်ဆိုပြီး စကားနာ ထိုးတော့မှ နီနီ ကလိုက်ကြည့်ပေါ့ လို့ ပြောပါတယ်..။ ကျွန်မ ၀မ်းသာ အားရ အမေ နဲ့ အဖေ ကိုပြောပြီး လမ်းစားရိတ်တောင်းတော့....

" သမီးလေး ရယ်... မသွားပါနဲ့ ပင်ပန်းပါတယ်... အဖေလေ၊ ကိုသိန်းဝင်း (ကျွန်မတို့ရွာလေး ရဲ့ မူလတန်းကျောင်းအုပ်)ကိုအကူအညီတောင်း ထားတယ်...သမီးရဲ့ ၊ ငါ့သမီးလေး ကိုကျောင်းဆရာမ ခန့်ဖို့ပေါ့ .... စောင့်လိုက်ဦးနော် သမီးလေး "


" ဟား... အဖေ တို့ကလဲ လုပ်ပြီ ၊ သမီးက ကျောင်းဆရာမ လုပ်ချင်တယ်ပြောလို့လား ....လစာလေး နှစ်ပဲ ခြောက်ပြားနဲ့ မလုပ်ချင်ပါဘူး ...မဲဆောက် ကိုသွားမယ်...ပိုက်ဆံစုပြီး ကျောင်းလာပြန်တတ်မှာ... အဖေ တို့ မထားပေးနိုင်လို့ ကိုယ့်ဘာသာ ရှာပြီးတတ်မှာ..ခု လမ်းစားရိတ်လေးပဲ ထုတ်ပေး "

" သမီးလေး ရယ်.... စဉ်းစားပါဦး "

" ဟား..တော်ပါတော့ အမေရယ်.... လမ်းစားရိတ်လေးပဲ လုပ်ပေးပါ..."

ဒီလိုနဲ့ ကျွန်မ နီနီ နဲ့ အတူ မဲဆောက်ကို ထွက်လာခဲ့တယ် ။ အပျံသင်ကာစ ကျွန်မ မျှော်လင့်ချက်တွေ တသီကြီးနဲ့ပေါ့ ။ လမ်းခရီး ကြမ်းတမ်းတော့ ကျွန်မ နဲနဲလေးတော့ စိတ်ညစ်မိတယ် ။ နီနီ ကတရားဝင် ဆိုပေမယ့် ကျွန်မက ကဒ်မရှိတော့ သူပါ ပုန်းလျှိုးကွယ်လျှိုး လုပ်လာရတာပေါ့ ။ ဒီလိုနဲ့ စက်ရုံမှာ အလုပ် စလုပ်ခဲ့တယ် ။ ညမှာ (12) နာရီလဲ မအိပ်ရ (1) နာရီလဲ မအိပ်ရ ၊ ကျွန်မ ငိုခဲ့ရပါတယ် ။ ဒီလောက်ပင်ပန်း တာမပြောနဲ့ ကျွန်မက ဆင်းရဲပေမယ့် ရေတောင် ကိုယ့်ဘာသာ ခပ်ချိုးခဲ့တာ မဟုတ်ဘူး ။ ကျွန်မ အလုပ်လဲ မလုပ်နိုင်ဘူး ၊ ပြန်လဲ မပြန်ချင်ဘူး ။


ကျွန်မ အရမ်းကို စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရတယ် ။ တစ်လမှာ လစာ ထုတ်တဲ့ ရက်လေး တစ်ရက်ပဲ နားရပါတယ် ။ ဒါပေမယ့် ကျွန်မ အပြင်ထွက်ခွင့် မရှိဘူးလေ ။ အလုပ်သမား ကဒ်မှ မရှိပဲ... ဒါပေမယ့် ကျွန်မ နီနီ့ကို အပူကပ်ခဲ့တယ် ။ နီနီ ကလဲ ကျွန်မကို တော်တော်သနားနေပြီ ထင်ပါရဲ့ ။ အေး ငါတို့နဲ့ နီးနီးနားနား သွားကြတာပေါ့ ဆိုပြီး အပြင်ကို ကျွန်မ ပထမဆုံး အကြိမ် ထွက်ခဲ့ပါတယ် ။ အဲ့ဒီမှာ ကျွန်မ ကိုလှမောင်ကြီး ကို စတွေ့တာပါပဲ ။


ကိုလှမောင်ကြီးဆိုတာကတော့ ဒီမှာ အလုပ်လုပ်နေတဲ့ လူတွေရဲ့ ပိုက်ဆံတွေကို ဆိုင်ရာအိမ်တွေကိုပို့ပေး၊ အိမ်တွေက ပြန်ပို့ပေးတဲ့ စာလေးတွေ၊ ပစ္စည်းတွေကို သယ်ပေးတဲ့ တစ်ယောက်ပါ။ အရင်ကထဲက ရွာမှာ ငွေလာပို့လိုက် ပစ္စည်းတွေ လာယူလိုက်လုပ်နေပေမယ့် ကျွန်မ သူ့ကိုသတိလဲမထားမိခဲ့ဘူး ကျွန်မနဲ့လဲ မဆိုင်ဘူးလေ။ ခုတော့ ကျွန်မ လူစိမ်းတွေ အလယ်မှာ သူက မျက်မှန်းတန်းမိပြီးသား(သူလဲကျွန်မကိုသိတယ်) လူလဲဖြစ်တော့ ကျွန်မ ဒီမှာ အလုပ်မလုပ်နိုင်တော့တဲ့အကြောင်း ဒါပေမယ့် အိမ်လဲ မပြန်ချင်ကြောင်း ပြောပြမိတယ် ။ ကိုလှမောင်ကြီးက မပူနဲ့ သူ့မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ် သူကူညီမယ့် အကြောင်းပြောတော့ ကျွန်မအတွက် တော့ ရွှေတောင်ကြီးပေါ့ ။

အဲ့ဒီနောက်မှာ ကိုလှမောင်ကြီးက တစ်လတစ်ခါ ခပ်ချောချော စတိုင်မိမိ ကောင်မလေးတွေကို ခေါ်လာပြီးတော့ နင်သူတို့အလုပ်မှာ လုပ်မလား ပိုက်ဆံအများကြီး ရတယ် ပင်ပင်ပန်းပန်းလဲ မလုပ်ရဘူး ကြွကြွ ရွရွလေး နေရတယ်လို့ပြောပါတယ် ။ ကျွန်မလဲ သူခေါ်လာပြီး မိတ်ဆက်ပေးတဲ့ ကောင်မလေး တွေကိုကြည့်လိုက်တော့ အ၀တ်အစားက အပျံစား ဟန်းဖုန်း ကိုယ်စီနဲ့ အားကျစရာကြီးတွေပါပဲ။ ကျွန်မ စိတ်ထင် သူတို့က ကျွန်မ ဗွီဒီယို တွေထဲမှာ ကြည့်ဖူးတဲ့ ကုမ္မဏီမှာ အလုပ်လုပ်တဲ့ သူတွေဖြစ်မယ်လို့ ထင်ခဲ့တယ် ။

အဲ့ဒီနောက် ကျွန်မ နီနီ ကိုအလုပ်မလုပ်တော့ဘူးလို့ပြောတော့ နီနီ ကအံ့သြတကြီးနဲ့ ရွာပြန်မှာလား အမေးကို မဟုတ်ဘူး အလုပ်ကောင်းကောင်းတစ်ခု ဆက်မိလို့ ဆိုတော့....

" ဘယ်အလုပ်လဲ ... သေချာရဲ့လား ၊ ဘယ်အလုပ်ရုံမှာလဲ...ငါ့တောင် အသိမပေးပါလား ဟယ် "

" နီနီ ကလဲ အစကမသေချာလို့ပါ... ခုတော့ သေချာသွားလို့..နင်...နင့်အိမ်ကိုစာထည့်ရင် အမေ တို့ကို ငါအလုပ်ကောင်းကောင်း ရနေပြီ ... နောက်မှ ငွေပို့တော့မယ်လို့ ပြောလိုက်နော် "

ဆိုပြီး ထွက်လာခဲ့တယ် ။ နောက်မှာ နီနီ ဘယ်လို အတွေးတွေ နဲ့ကျန်ခဲ့လဲ မသိဘူး ၊ သိလဲ မသိချင်ဘူး..။

ကျွန်မတကယ်ပဲ မပင်ပန်းပဲနဲ့ ပိုက်ဆံများများရတဲ့ အလုပ်ကို လုပ်တတ်ခဲ့ပါတယ် ။ ဒါပေမယ့် အဲ့ဒီရက်တွေက ကျွန်မ အတွက် ငရဲခန်းပဲ။ ကိုလှမောင်ကြီး ကို ရွှံ့ခြာ မုန်းတီးလှပေမယ့် ကြောက်လန့် တကြားငိုးကြွေး ခဲ့ရတဲ့ နေ့တွေ လွန်လာတော့ ကျွန်မ ထုံကျင်လာခဲ့တယ် ။ ကျွန်မ ကျရာ ဘ၀ မှာပျော်တတ်အောင် နေခဲ့တယ် ။ ကျောင်းတတ်မယ့် ရည်မှန်းချက်တွေ ကြက်ပျောက်၊ ငှက်ပျောက် ....လမ်းလျှောက်ရင်း လမ်းပျောက်ပေမယ့် ပျောက်သောလမ်းမှာ ကျွန်မ ပျော်ပျော်ကြီး လျှောက်ခဲ့တယ် ။ အဖေ နဲ့ အမေ ကို ရတဲ့ ပိုက်ဆံ ရဲ့ ၅ ပုံ ၁ ပုံ လောက်ပဲ ပို့ပေးတယ် ။

ဒီလိုနဲ့ပဲပေါ့... တစ်ခါ တစ်ခါ ကျွန်မ ဖျားချင်သလိုဖြစ်တယ်။ ၀မ်းလျောတယ် ။ ဒါပေမယ့် ဆေးမီးတိုလေးတွေ နဲ့ပျောက်သွားလိုက်ဆိုတော့ ကျွန်မ အမှုမထားခဲ့ဘူး ။ တစ်နေ့တစ်ခြား လျှော့လျှော့သွားတဲ့ ကိုယ်အလေးချိန်ကိုလဲ ကျွန်မ ဂရုမထားမိဘူး...ခုခေတ်ကြီးက ပိန်မှ ကြည့်ကောင်းတာပဲ..။ တစ်နေ့တော့ ကျွန်မ ဗိုက်အရမ်းကိုအောင့်ခဲ့ပါတယ် ။ဘယ်လိုမှ မခံစားနိုင်တော့ဘူး အဲ့ဒါကြောင့် ကျွန်မ အဖော်ကို တောင်းပန်ပြီး ကိုလှမောင်ကြီး ကိုရှာခိုင်းလိုက်တယ် ။ ဒါပေမယ့် ကိုလှမောင်ကြီးရောက်လာတော့ ကျွန်မ သတိမရတော့ပါဘူး ။ သတိရတဲ့အချိန်မှာ မြ၀တီမြို့ထဲ ကိုပြန်ရောက်နေပြီလေ ။ ကိုလှမောင်ကြီးက ပြောတယ် .
" နင် ရန်ကုန်မှာ ဆေးရုံတတ်ရမယ် "

" ဟင် .... ဒီမှာ တတ်လို့ မရဘူးလား ...ကျွန်မ ရန်ကုန်မှာ ဘယ်သူနဲ့ မှ အသိမရှိဘူး "

" ဒီမှာရော ..နင်ဘယ်သူနဲ့ သိလို့လဲ... ဒီမှာ မရဘူး ၊ ငါလိုက်ခဲ့ပေးပါ့မယ် .. နင်တတ်လိုက်ပါ"

ဒီလိုနဲ့ပဲ .... ဒီလိုနဲ့ပဲ ကျွန်မ ဒီဆေးရုံကို ရောက်ခဲ့ရပါတယ်။ ကျွန်မ ဘာရောဂါ ဖြစ်မှန်း မသိခဲ့ဘူး ။ နောက်မှ ကိုလှမောင်ကြီး ပြောပြတော့ ကျွန်မ ကမ္ဘာတစ်ခုလုံး မှောင်မိုက် ၊ ဘာဆို ဘာမှ မသိတော့ပါဘူး ။ အရင်ဆုံး သတိရတာက မိဘ နှစ်ပါး ၊ ခလုတ်ထိမှ အမိတ မဟုတ်ပေမယ့် တကယ် တ ခဲ့ရပြီ ။ ပြီးတော့ မသိစေချင်ဘူး... ကျွန်မ မိဘနှစ်ပါး အသက်ကြီးလှပြီ .... မသိစေချင်တော့ပါဘူး ။

" ကိုလှမောင် ကျွန်မ အကြောင်းကို အဖေ နဲ့ အမေ ကိုမပြောပါနဲ့ ၊ ရွာက လူတွေလဲ မသိစေပါနဲ့နော် ... ကျွန်မ ရှက်လို့ မဟုတ်ပါဘူး...ကျွန်မ ကြောင့် အဖေ နဲ့ အမေ အသက်ကြီးမှ သမီးမိုက်ကြောင့် အရှက်မရ စေချင်လို့ပါ ... ကျွန်မ တောင်းပန်ပါတယ်"

" အေးပါ... စိတ်ချပါ ငါလဲ နင်နဲ့ ဘ၀တူပါပဲ ..ငါ မကြာမကြာလာမယ် ..နင့် ဘာသာ နင် ဂရုစိုက်.. ငါပိုက်ဆံ ထားပေးခဲ့မယ် "

ကိုလှမောင်ကြီး ပြန်ပြီးတဲ့နောက် ကျွန်မ တစ်ယောက်ထဲ ကျန်ပါတော့တယ်...။ ကျွန်မတို့လို လူမမာတွေက ခုခံအားကျနေတော့ ဘယ်ရောဂါမဆို ၀င်ရောက်လာဖို့က သိပ်ကို လွယ်ကူတယ်လေ ။ ကိုယ်တိုင်ကလဲ ဘာရောဂါမှန်း မသေချာတော့ ဘာကိုမှ ဂရုစိုက်ရကောင်းမှန်း မသိခဲ့ဘူး။ ခုလဲပဲ ကျွန်မ က ဒီရောဂါနဲ့ စပ်လျှင်းပြီးတော့ ရခဲ့တဲ့ TB ပိုးက ဗိုက်ထဲ ရောက်ပြီး အူTB ဖြစ်တော့ ဗိုက်က မခံရပ်နိုင်အောင် အောင့်ပြီး ဆေးရုံ ဆေးခန်း ရောက်မှ ဘာရောဂါလဲ ဆိုတာ သိလာရတာပါပဲ..။ ဗိုက်အောင့် တဲ့အချိန်တွေကလွဲပြီး ကျန်တဲ့ အချိန် ကျွန်မ လမ်းလျှောက်နိုင်ပါတယ်။ သေမိန့် ကျခံနေရတဲ့ လူတွေရဲ့ မျက်နှာတွေ ၊ ဘေးကုတင် က သေလုသေခင် အောက်စီဂျင် ပေးနေရတဲ့ မျက်ဖြူလန် နေတဲ့ မျက်နှာတွေ ၊ ဘာအကြောင်းတွေ နဲ့ များ ဖြစ်လာတာပါလိမ့် ။ ကျွန်မ လိုလား ...ဒါဆို ဘေးဆောင်က ကလေးလေး တွေကရော ဘယ်သူ့ အပြစ်ကြောင့်လဲ ၊ ဝေဒနာကို အလူးအလဲ ခံစားနေရတဲ့ မိဘမဲ့ ရောဂါသည် ကလေးလေး တွေ သူတို့မှာ အပြစ်ရှိပါသလားကွယ် ။ ကျွန်မ မသေခင်လေးမှာ ၊ လမ်းလျှောက်နိုင်တုန်း လေးမှာတော့ တစ်ခါမှ မစဉ်းစားမိဖူးတဲ့ ကုသိုလ်လေး တစ်ခုခုကို ယူချင်ပါသေးတယ်။ ဘာလုပ်ရမလဲ...ခုချိန်မှာ လုပ်နိုင်တာဆိုလို့ များများစားစားလဲ မရှိပါဘူး ၊ စဉ်းစားမိလိုက်တာ တစ်ခုကိုပဲ အကောင်အထည် ဖော်လိုက်တယ်လေ ။

အဲ့ဒါကတော့ ... ဆေးရုံက မနက် ကော်ဖီ၊ နေ့လည် ထမင်း ၊ ညနေ ထမင်း ကျွေးပါတယ် ၊ ထမင်းလေး တောင် ထယူဖို့ လမ်းမလျှောက်နိုင်တော့တဲ့ ဘ၀တူ ရောဂါသည်တွေကို ထမင်း ယူပေးပါတယ် ။ အရင်က စိတ်ထဲ ရွှံ့မိပေမယ့် စဉ်းစားလိုက်တော့ ကိုယ်လဲ ဒီလိုရောဂါဖြစ်နေတဲ့ သူပဲ..ဘာများ ပိုပြီး ကိုယ်က သူတို့ထက်သာနေလို့လဲ..အဲ့ဒါကြောင့် သူတို့ မတတ်နိုင်တာ ကိုယ်တတ်နိုင်တာလေးတွေကို လုပ်ပေးပါတယ်။ လူနာဆိုပေမယ့် ကိုယ့်လက်ထဲ ပိုက်ဆံလေး တော့တစ်ကျပ်ဖြစ်ဖြစ်တစ်ပဲ ဖြစ်ဖြစ် ကိုင်ထားချင်မှာပဲပေါ့..။ ဒါပေမယ့် တစ်ချို့ တစ်ပြားမှာကို ရှိမနေပါဘူး ဆေးရုံက ကျွေးတဲ့ ထမင်း နဲ့၊ ပေးတဲ့ ဆေးလေး တွေကြောင့် အသက်ဆက်နေတာပါ ။


တစ်ခါတစ်လေ တော့လဲ အလှုရှင်တွေ လာတယ် ... ထောင်တန်အုပ်လေးတွေ ကိုင်ပြီးတော့ တစ်ကုတင်ချင်းစီ လိုက်ပေးနေတာ.... လေးစားလိုက်တာ ၊ အားကျလိုက်တာ ၊ ကျွန်မ လက်ထဲ ပိုက်ဆံတွေ ရှိနေတုန်းက ကျွန်မ ဘာတွေ လုပ်ပစ်ခဲ့လဲ.... ၊ ကျွန်မ သူများအကျိုးအတွက် ဘာမှ မလုပ်ခဲ့မိဘူး ၊ မိဘ ကိုတောင် တစ်ခါ တစ်ရံ မှ ပြန်ပို့တာ ။ အိုး... ပြန်မတွေးချင်ဘူး ၊ ခုနေရတာ လောက ငရဲထဲမှာ ဒီ့ထက်ဆိုးတာ ဘာရှိဦးမလဲ ၊ သေချင်လဲ သေပါစေတော့ ။ မသေချင်လေး မှာခဲ့ချင်ပါတယ် ကျွန်မလို မမိုက်မဲပါနဲ့နော်...။ ရှိတဲ့ ပိုက်ဆံတွေကို အကျိုးရှိအောင် သုံးပါ ။ နောက်ပြီးတော့ မိဘ၊ ကိုယ့်မိဘ စိတ်ဆင်းရဲ အောင် လုပ်မိရင် ကိုယ်ပြန်ခံရတာ၊ စိတ်ဆင်းရဲရတာက (10)ဆ မကပါဘူးရှင် ။ ခုချိန်မှာ ကျွန်မ အဖြစ်ချင်ဆုံးက ကျွန်မ ရဲ့ မိဘနှစ်ပါး ကို လက်စုံမိုးပြီး ရှိခိုးကန်တော့ တောင်းပန်ချင်တာပါပဲ ..... ဒါပေမယ့် ကျွန်မ ဘယ်လို ခွန်အားမျိုးနဲ့ အသက်ကြီး နေပြီ ဖြစ်ကြတဲ့ မိဘတွေ ကို ဒီလိုနေရာမျိုး ခေါ်ရက်ပါ့မလဲ ရှင်....။ အရင်တုန်းကသာ သူတို့ စီစဉ်ပေးတဲ့ အတိုင်း ရွာမှာ ကျောင်းဆရာမလေး လုပ်ခဲ့မိရင်......အိုး တော်ပါပြီလေ ..ပြန်စဉ်းစားနေလဲ ခုမှတော့ ဘာအကျိုးမှ မရှိတော့တာပဲ ။

ခုတော့ ကျွန်မ ကိုယ်တိုင် လမ်းမလျှောက်နိုင်တော့ပါဘူး....။ မနက်က ကော်ဖီကတော့ ကုတင်ဘေးက စားပွဲပေါ်မှာ ရောက်နေပါရဲ့ ...ဒါပေမယ့် အဖုံးမရှိတဲ့ ခွက်ထဲက ကော်ဖီတွေက ချောင်ဆိုးသံတွေ ညံစီပြီး တော့ သေခါနီးလူမမာတွေ ပတ်လည် ၀ိုင်းနေတဲ့ စားပွဲ ခုံပေါ်မှာ ... ကော်ဖီခွက် ကို လက်လှမ်းဖို့တောင် အားမရှိ.......ဒီလိုနဲ့ ပြီးသွားရတော့မှာပေါ့.... အမေ .... အမေ့ကို တမ်းတ မိချိန်မှာ မျက်တွင်းဟောက်ပတ်ထဲ ထဲမျက်ရည်စက် တွေက ပါးပေါ်တောင် လိမ့်ဆင်းကျဖို့ အားမရှိတော့သလို... မိဘနှစ်ပါး နဲ့ ရတနာ သုံးပါး ကို နောက်ဆုံးအချိန်လေး မှာ စိတ်ရည်မှန်းပြီး ဦးချ ကန်တော့ ဖို့ လက်တွေကို တဖြည်းဖြည်း ရင်ဘက်ပေါ် တင်ဖို့ ကြိုးစားရင်း................။

42 comments:

avocado said...

အင်း နောင်တ နောင်တ နောင်မှရတဲ့နောင်တ မိဘမသေခင်မှာမိဘကိုစိတ်ချမ်းသာအောင်ထားရမယ် အမတော့အမမိဘတွေစိတ်ချမ်းသာအောင်ထားပါတယ် ကောင်းတယ်နောင့်ရေ ဆက်ရေးပါ အားပေးနေတယ် နောင့်တော်လိုက်တာ:)

နွေးနေခြည် said...

တကယ့် အဖြစ်အပျက် ဖြစ်မယ်ထင်တယ်။ ရေးထားတာလေး ကောင်းတယ်နောင့်ရေ...
အဲလို အဖြစ်အပျက်မျိုးတွေ ခဏခဏကြားမိတယ်။

မေလေး said...

နောင့်
မကြွေသင့်ဘဲ ကြွေခဲ့ရတဲ့ ပန်းလေးတွေ များနေပြီ သူငယ်ချင်း။
လမ်းလျှောက်ရင်း လမ်းမပျောက်ကြစေဖို့ ဆုတောင်းပေးစို့နော်။
အားပေးနေမယ်နော်။
အရေးအသား အရမ်းကောင်းတယ်ကွယ်။

Lucifer said...

နောင်တက နောင်မှရလို့ နောင်တလို့ခေါ်တာနေမှာနော်

ဗီလိန် said...

လေးစားမိပြန်ပြီ။

မိုးကောင်းသူ said...

ဖတ်ရတာ ရင်ထဲကို ဆို့နေတာပါ ညီမရေ။ နောင်တဆိုတာကလဲ နောင်မှရကြတာကိုး။ နော်။

နဒီမိုးညို said...

ကောင်းမွန်တဲ့ ဇတ်လမ်းလေးပါပဲ...
အပြင်မှာ..တွေ့ ဖူးပါတယ်..ဇတ်လမ်းထဲက..မိန်းကလေး..လိုမိုးပါ
ဖတ်ပြီး..စိတ်မကောင်းဖူး..ရှင်

Bagothu said...

ဲသိပ်ဟုတ်နေပါလား။ ငယ်ရွယ်တဲ့မိန်းမချောလေးတွေဖတ်ပြီး နားလည်သွားရင် နောင့်ကုသိုလ်တော်တော်ရမှာပါ။

သားကြီး said...

ဇာတ်လမ်းနဲ့အရေးအသားအတော့်ကိုကောင်းပါတယ်
ရည်ရွယ်ချက်လေးလည်းလှတယ်
သင်ခန်းစာယူစရာလေးတွေပေါ့ အပြင်မှာဒီလိုအဖြစ်မျိုးလက်ချိုးရေလို့တောင်ကုန်မှာမဟုတ်ပါဘူး

Anonymous said...

နောင့်ရေ....သမီးပျိုပထမဆုံးလာလည်မိတာပါ။ အရေးအသားသိပ်ကောင်းတဲ့ ပြင် ဇတ်လမ်းတင်ပြပုံတွေလဲသိပ်ကောင်းတာပဲနော်။ ပထမဆုံးဖြစ်ပေမဲ့ အဟောင်းအတော်များများလဲ ဖတ်ဖြစ်ခဲ့ပါတယ်။ နောင့်ကို ဆက်လက်အား ပေးနိုင်ဖို့ သမီးပျိုရဲ့ ဘလော့လစ် ထဲကို ထည့်လိုက်မယ်နော် နောင့်...

Mogok Thar said...

ညီမလေးရေ၊
ပြေပြစ်တဲ့ အရေးအသားမှာ အသက်ရှူ မောအောင် ခေါ်သွားတယ်။
တောင်တ ဆိုတာ လွန်မှ ရတတ်ကြပေမဲ့ ပြန်မပြင်နိုင်တော့တဲ့ ဒီလို အမှားမျိုး ရင်ဆိုင်တိုးရတဲ့ ဘ၀တွေ မနည်း ရှိပေါ့ဏော။
ညီမလေး ရဲ့ ဒီစာလေး ဖတ်ပြီး အသိရသူတွေ၊ ဆင်ခြင်မိသူတွေ ရှိကြမှာပါ။
အကျိုးပြုတဲ့ ဒိစာလေးအတွက် ကျေးဇူးပါခင်ဗျာ။

Anonymous said...

ရေးထားတာ ကောင်းလိုက်တာ
ချီးကျူးပါတယ် ..း)

မိုးခါး

yar said...

Hi Mone Thu
Congratulation par!! Really amazing!!! You are born to write!!!

yan said...

bar hma lel ma kaung bu

မေဇင် said...

ကောင်း မကောင်းဆိုတာတော့...ခံယူတဲ့သူ ပေါ်မူတည်ပါတယ် ရှင်...ရေးတတ်သလောက်လေး ရေးထားလို့ မကောင်းဘူး ဆိုရင်လဲတောင်းပန်ပါတယ်...ခုမှ စရေးတာမို့ပါ...။ သီးခံ ပြီး လာအားပေးလို့ ကျေးဇူးတင်ပါတယ်ရှင်..။

စည်သူ said...

အေးပါ့ညီမရယ်....
အထူးသဖြင့် အကိုတို့ တောဘက်က
အတော်များများ ဒီလိုအဖြစ်အပျက်တွေ
ကြုံတွေ့ ရတာများတယ်လေ..။ဆက်နော်ညီမ
ဒါမျိုးတွေလည်း ရေးတတ်တာပဲနော်...........
ပို့စ်လေးကိုဖတ်ပြီး
အဲဒီကိုရောက်သွားသလို
ပြန်ခံစားရတယ်ညီမရေ.........

Dream said...

ဟူးးးးးးးးးးးးဖတ်ပြီး ရင်ထဲ မောသွားတယ်..ဆို့နစ်သွားတယ်...

လူဆိုးတီတီ...လူကို ဇာတ်လမ်းထဲ မျှောသွားတယ်....

ရင်ထဲမှာ အရမ်းခံစားသွားရတယ်..........

အရေးအသားကောင်းတယ်။ အာဝါးးးး အမြှောက်၂သန်းပေးခဲ့တယ်....

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးနော်... ဟိဟိ

(မှန်ထဲပြန်ကြည့်ဦးနော်..တော်နေ ပါးတွေချိုင့်ကုန်မယ်ဆိုးလို့.. ဟိဟိ... ) :P

Dream said...

ဒီပို့စ်လေးက ပညာပေးပို့စ်လေး.........မိန်းကလေးတွေ ယူတတ်ရင် ပညာရပါတယ်.... စာထဲမှာ အသိပညာတွေမျှဝေသွားတယ်....

မိသားစု အကျပ်အတည်းကြောင့် ငွေနောက်လိုက်ရင် အလွယ်လိုက်တဲ့ မိန်းကလေးတွေ ဘယ်လောက်များပြီလဲ.......

တွေးရင်းတွေးရင်းနဲ့ .................. ပို့စ်ကောင်းလေးကို ဖတ်ရလို့ ကျေးဇူးပါ အစ်မရေ

ဆက်ရေးပါ ...အားပေးနေပါတယ်....

MrDBA said...

အားပေးပါတယ် အားပေးပါတယ်

မယ်ကိုး said...

စာရေးကောင်းတယ် ညီမလေးရေ... ဇဝတ်အိမ်လေးတွေလည်း ကောင်းတယ်။ စာရေးအားလည်း ကောင်းတယ်။ အားပေးနေတယ်နော်။

ငှက်ကလေး said...

အသိပညာပေးလေး ကောင်းတယ် မမ နောက်လဲ အဲဂလိုမျိုး ဆက်ရေးနော် အားပေးနေတယ် သိလား ဘိုင်

သီဟသစ် said...

နောင့်ရေ

ဖတ်ရတာ သနားစရာ ရင်နင့်စရာ
ဖတ်လို့ကောင်းလိုက်တာ

ခင်မင်စွာဖြင့်
သီဟသစ်

Mae said...

ရေးတတ်လိုက်တာ နောင့်လေး

Anonymous said...

မေဇင်လေး
ရေးထားတာအရမ်းကောင်းတယ်
တော်လိုက်တာ

ချစ်တဲ့
မြူးလေး

မေသစ္စာမောင် said...

ဆက်ရေး ညီမရေ အားပေးနေတယ်း)
ဖတ်လို့ကောင်းပါတယ်..။

MANORHARY said...

မေဇင် က စာရေးတော်တော်ကောင်းတာပဲ
ခုမှပဲ လာဖတ်ဖြစ်တယ်။ တော်တော်များများဖတ်သွားပါတယ်။

P.Ti said...

ဖတ်ရတာ စိတ်မကောင်းစရာပဲ။ ခေတ်စနစ်ကလည်း ကိုယ့်လူမျိုးအများအတွက် မဟုတ်ဘူးဖြစ်နေတယ်။
စာရေးကောင်းတာကြောင့်လည်းပါတာပေါ့။

မီးမီးချစ် said...

ကောင်းတယ် ညီမရေ နောက် လဲ ဒါမျိုး များများ ရေးနိင်ပစေ .

မီးမီးချစ် said...

ပါစေ sorry

littlebrook said...

ဝိုး .... ကောင်းတယ်ဗျ စဖတ်လိုက်တာနဲ့ ဆုံးမှပဲရပ်နိုင်တော့တယ် ပီနန်းလား နောင့်နောင့်လားတော့ မသိ .. ရေးတတ်လိုက်တာဗျာ

Angel Shaper said...

နောင့်ရေ..... ဖတ်လို့ ကောင်းလိုက်တာဟာ။
အပြင်မှာလဲ အဲလိုအဖြစ်အပျက်လေးတွေအများကြီးပါ။
သဘာဝကျပြီး ပညာပေးထားတဲ့ ပို့စ်လေး အားလုံးအတွက် အကျိုးဖြစ်ထွန်းမှာပါ။ ဆက်ရေးပါ၊ အားပေးနေပါတယ်။

kyalkalay said...

အမ လိုစာအရှည်ကြီးရေးချင်တာ
ရေးစရာတွေအများကြီး

အော် မနက်ဖန် post အသစ်တင်မလားလို့
စိတ်ခိုင်မှလာဖတ်နော်

puluque said...

ဖတ်လိုကောင်းလို့ တောက်လျှောက်ဖက်သွားတယ်ဗျာ.. အားပေးနေပါတယ်

Chitpalonelay said...

ဇာတ်အိမ်ကလည်းကောင်း အရေးအသားလည်းကောင်းတော့ ပြီးမှာတောင် ဆိုးမိတယ်။ သူ့အဖေနဲ့ အမေသနားပါတယ်နော်။ သူသာဆရာမလုပ်ရင် ကျောင်းလည်းတက်လို့ရမှာနော်။ အင်း နောင်တတဲ့ နောင်မှာတကယ်ကိုမချိုမြိန်ဘူးနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ပြည့်စုံ said...

မမေဇင်....

အဖြစ်အပျက်ဟုတ်လားမဟုတ်လားတော့ မသိဘူး ဒါပေမယ့်
ဖတ်ရင်းနဲ့ စိတ်ထဲ ခံစားမှုလေးတွေ ဖြစ်မိတာတော့ အမှန်ပါ...

နောက်အသစ်တွေကိုလည်း မျှော်နေအုံးမယ်...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

yan said...

Hello

Can I introduce with you. Just want to know who are you.

kokomaung.uk said...

ဖတ်ရင်းနဲ့ ခံစားမှုတွေ အပြည့်အ၀ ဖြစ်ခဲ့ပါတယ်။
ညီမစာရေးရင် တကယ့်အဖြစ်အပျက်ကလေးတွေကို ရေးချသလိုလိုဘဲနော်။
စာအရေးကောင်းတယ်။

ပျော်ရွှင်ပါစေ။

အရူးလေး said...

တော်တော် အရေးအသားကောင်းတယ်နော် .... အားပေးနေပါတယ် ..

ခတ်း ဂ၀်ု င်လ; ခေု ; ...း)

mgnge said...

အင်း.. ဒီတစ်ယောက်လည်း စာရေးကောင်းတာပဲ..။ ကျွန်တော် ကဘလော့ သိပ်မလည်ဘူးဗျ... ဘလော့လည်ရင်လည်း စာတစ်ပုဒ် လောက်အနည်းဆုံးအကြိုက်ရှာပြီးဖတ်တာ ပါ..။ အခုတော့ နှစ်ပုဒ်ဖတ်ဖြစ် တယ်..။ ဒီအပုဒ်လေးကို ပိုကြိုက်လို့ ....။

နောင်မှရတဲ့နောင်တ ဆိုတာ မကောင်းပါဘူး..။ရည်မှန်းချက်တစ်ခု အလုပ်တစ် ခုလုပ်တော့မယ်ဆိုရင်.. စု -သည် -ကြံ -ဆ ဆုံးဖြတ် ချက် ချတဲ့..။ ဖြစ်ချင်တာတစ်ခုပဲ စဉ်းစားရင်တော့ အမှားတွေ့ မှာပါပဲ..။
လိုအပ်တာရှိရင်လည်းပြော ပါ..အကူအညီလိုလည်းပြောပါ..။ နောင်လည်း အားပေးနေပါဦးမယ် ..။

Anonymous said...

မာန်မာနဆိုတာ ထားသင့်မှ ထားရတယ်ဆိုတာ...........

Saw khaing said...

နောက်ဆုံးအချိန် နောင်တ က ကောင်းလိုက်တာ
အိပ်ငိုက်နေတဲ့မျက်လုံးတောင် ကျယ် သွားတယ်
အခုမှရောက်ဖြစ်တာပါ..အားပေးနေပါ့မယ်...

ချမ်းလင်းနေ said...

အရမ်းကောင်းတဲ့ ဇာတ်အိမ်ပဲဗျာ။ ပျောက်သောလမ်းမှ စမ်းတဝါးဝါးဖြစ်နေတဲ့သူတွေ အမှန်လမ်းစလေးတွေ ရှာတွေ့နိုင်ကြပါစေ။