ဒီရက်ပိုင်းအတွင်း ကိုယ်မပျော်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ရဲ့ကိုကြီး ဆေးရုံနောက်တစ်ခေါက် ပြန်တတ်နေရပြန်တယ်။ ဒီတစ်ခေါက်ပြန်တတ်တာ ကိုယ့်အတွက် ပိုပြီး စိတ်ပင်ပန်း ရတယ်၊ စိတ်ပူရတယ် ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ မိုးရာသီ ဖြစ်နေလို့ပါပဲ ။
ကိုယ်တို့ ရွာလေးဟာ မိုးတွင်းဆိုရင် လမ်းပန်းဆက်သွယ်ရေး အရမ်းခတ်ခဲပါတယ် ။ စစ်တောင်းမြစ်ကို ဖောင်နဲ့ ဖြတ်ရတယ်။ဖောင်ဆိုတာက စက်လှေနှစ်စင်း ရဲ့ အပေါ်မှာ သစ်သား တွေနဲ့ လုပ်ထားတဲ့ အခင်းကြီးကြီးတစ်ခုကိုတင်ထားတာပါ..လူတွေ၊ ပစ္စည်းတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေက အဲ့ဒီ သစ်သားပြားကြီးပေါ်ကနေ လိုက်ရပါတယ် အကာတွေ၊ လက်ရန်းတွေ မရှိပါဘူး ။ အနက်ရောင်နယ်မြေ ဖြစ်တဲ့အတွက် တံတားဆောက်လို့လည်း မရပါဘူး။
နောက်ပြီး အဲ့ဒီ ဖောင်ကလဲ မနက် (6)နာရီမှ စဖွင့်သလို ညနေ(6)နာရီဆိုဖောင်ပိတ်သွားပါပြီ၊ အဲ့ဒါကြောင့် အဲ့ဒီ ဖောင်ဖွင့်ချိန် ၊ ပိတ်ချိန် မှီအောင် သွားရတာလဲ အလုပ်တစ်ခုပါပဲ ။ မမှီရင် ရွာနီးချုပ်စပ်က အိမ်တစ်အိမ်အိမ်မှာ အကူအညီတောင်းပြီး တည်းရ ၊ အိပ်ရပါတယ်..။
ဖောင်ပေါ်ကနေ ကမ်းပါး ပေါ်ကို တတ်တဲ့ အချိန်မှာလဲ ခြေမြဲမြဲ၊ လက်မြဲမြဲ နဲ့တတ်ရပါတယ် ။ ကမ်းပါးက မတ်ပြီး အရမ်းလျှော်တဲ့အတွက် ဖိနပ်နဲ့ တတ်လို့ လည်းမရဘူးလေ ။ဒါကြောင့် တစ်ချို့ အမျိုးသမီးတွေဆို လေးဖတ်ထောက်ပြီး တတ်ရပါတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေပါရင်တော့ နီးစပ်ရာ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးတော့ တွန်းတင်ပေါ့ ။ ကူလဲကူညီ ကြပါတယ် အကူအညီမတောင်းရင်တောင်မှ ဒီလိုပဲ နောက်ကနေ ကူတွန်း၊ ရှေ့ကနေ ကူဆွဲတင် အဲ့လို ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေတော့ ရှိပါတယ်..။
ကမ်းပေါ်ကို ရောက်ပြီ ဆိုရင်လဲရွာကိုရောက်ဖို့ရွံ့တော၊ ဗွက်တော ထဲကနေ 7မိုင်လောက်ခရီးကို လမ်းလျှောက်ရပါသေးတယ် ။ နွေရာသီ ဆိုရင်တော့ စက်ဘီး၊ ဆိုင်ကယ် စီးလို့ရပါတယ် ။ မိုးတွင်းဆိုရင် အဲ့ဒါတွေ စီးဖို့ အရမ်း အန္တာရာယ်ကြီးတယ် ။ တော်ရုံလမ်းပဲ လျှောက်ကြရတယ်..။
အခုတော့ အဲ့ဒီလို လမ်းခရီးကို ကိုယ့် အဖေ နဲ့ အမေ တစ်လှည့်စီ ဖြတ်ကျော်နေရတယ် ။ ရန်ကုန်မှာ ဆေးရုံ တတ်နေရတဲ့ သားအတွက် အဖေ တစ်လှည့် အမေတစ်လှည့် လာပြီး စောင့်ရှောက်နေကြ ၊ ပြုစုနေကြ ရတယ်လေ ။
ကိုယ့် အစ်မကတော့ အချိန်ပြည့် အစ်ကို နဲ့ ဆေးရုံပေါ်မှာ တူတူနေရတာပေါ့ ။ မိုးတွင်းမို့ ခရီးမသွားစေချင်လို့ အစ်မ တစ်ယောက်ထဲနဲ့ အဆင်ပြေတယ် ပြောပေမယ့် မိဘမေတ္တာပေါ့....ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော လာပြုစုချင် နေကြတာပါပဲ ။
တစ်မိသား စုလုံး ရန်ကုန်မှာ လာနေဖို့ကလဲ ဘယ်လိုမှ အဆင်မပြေဘူးလေ ။ရွာမှာကမိုးရာသီဆို တကယ့်ကို အလုပ်ချိန်လို့ပြောရမယ် ။တစ်ရွာလုံးက ကွမ်းသီးစိုက်ပြီး စီးပွားရေးလုပ်ကိုင်ကြရတာလေ။ကွမ်းသီး ဆိုတာကလဲ မိုးရာသီလေး တစ်ချိန်ပဲ သီး ပြီးအလုပ်လုပ်ရတာကိုး ။အဲ့ဒီတော့ ဒီအချိန် တစ်ချိန် လေးပဲ အားကိုးပြီး လုပ်ရတော့ အိမ်ရှိလူကုန်လဲ ရန်ကုန်မလာနိုင်ဘူးလေ ။ အဲ့ဒီတော့ အဖေက တစ်လှည့်လာ တစ်ပါတ်လောက် နေပြီးရင် ပြန်၊ အမေ ကတလှည့်ပြန်လာ၊ အဲ့လိုလေး တွေလုပ်နေကြရရှာတယ် ။
ကိုယ်စဉ်းစားမိတိုင်း စိတ်မကောင်းဘူး ။ ဒီလမ်း ဒီခရီး ဘယ်လောက် ကြမ်းတမ်းလဲ ကိုယ်အသိဆုံးပေါ့ ။ ကိုယ်တို့ ဘတ်ကလူတွေ မိုးတွင်းဆို ခရီးမထွက်တော့တာ များတယ် ။ မဖြစ်မနေ သွားရမယ့် လူတွေလောက်ပဲ သွားကြတယ်လေ ။ လူငယ်၊ လူရွယ် ယောင်္ကျားသား တွေဆို အကြောင်းမဟုတ်ပေမယ့် ကိုယ့် အဖေ နဲ့ အမေ အသက်ကြီး ပြီ ၊ အရမ်းနဲ့ ကို ပင်ပန်းမှာပါပဲ ။ ဒါပေမယ့် သားဇော နဲ့ ပင်ပန်းရကောင်းမှန်း သိကြမှာ မဟုတ်ဘူး နဲ့ တူပါရဲ့ ။ အဝေးမှာ နေတဲ့ ကိုယ့်မှာသာ စဉ်းစားရင်း အစ်ကို အတွက် စိတ်ပူသလို မိဘများအတွက် ၀မ်းနည်းရင်း..................။
လူတိုင်း၊ မိသားစု တိုင်းမှာ ပြသာနာ ကိုယ်စီ ၊ သောက ကိုယ်စီ နဲ့ ရှိကြမယ် ၊ ရှိခဲ့ဖူးကြမယ် ထင်ပါတယ်....။ ကိုယ်ကတော့ အရင် ကမကြုံတွေ့ ခဲ့ရဖူးဘူး ။ အခုလို ကြုံ ရတော့ အရမ်း ခံစားရတယ် ။ အဲ့ဒီ သောက လေးတွေ ခုလိုချရေး လိုက်ရင် ပြေလိုပြေငြား ၊ တင်းကြပ်နေတဲ့စိတ်များပေါ့သွားမလားလို့....စိတ်ရဲ့ ထွက်ပေါက်ပေါ့ လေ.....။

