Friday, July 31, 2009

ကိုယ် သိသော.... အချစ်ဆိုသည်မှာ...

" ဒီကြက်ခေါင်းကြီး မကြိုက်ဘူးလေ.... ကိုကြီး ကဘာလို့ နောင့်ပန်းကန်ထဲ လာထည့်ပေးတာလဲ"

"ညီမလေးပဲ ကြက်ရိုး ကိုက်ချင်တယ်ဆို “

"နောင့်..ပြောတာ ကြက်ရိုး ၊ ကြက်ခေါင်း ဟုတ်ဘူး"

"မေကြီးပန်းကန်ထဲ ထည့်လိုက်သမီးလေး...မေကြီးကြိုက်တယ်"

အဲ့ဒီအချိန်ထဲက မေကြီး ကြက်ခေါင်းပဲ အမြဲစားရတော့တယ် ။ တစ်ခါတစ်လေ... မေကြီး ပုဂံထဲက ကြက်ခေါင်းကို ဖေကြီးက တစ်ခါတစ်လေ ယူစားတာတွေ့ပေမယ့်...အဲ့ဒါ မေကြီး တကယ်မကြိုက်လို့ဆိုတာ အဲ့ဒီတုန်းက မသိခဲ့ပါဘူး.....။

"သမီးလေး...ညကချောင်းတွေဆိုးနေလို့... စောင်များကွာနေလား ထကြည့်တော့ ၊ သမီးလေး ကမကွာဘူး၊ သားကြီးက စောင်နဲ့လူတခြားစီ၊ သမီးကြီး ကလဲ အိပ်လိုက်တာသိုးလို့"
အဲ့ဒီလို ညတိုင်း အိပ်ပျက်ခံပြီး စောင်ကွာမကွာထကြည့်ပေးခဲ့တဲ့ မေကြီး ရဲ့ ချစ်ခြင်းက ကိုယ့်အတွက် မေကြီးခြုံပေးထက်စောင်တဲ့ နွေးခဲ့တယ်။

" သမီးကြီး အတွက်ဈေးထဲနာရီ ၀ယ်ဖို့သွားရင်း၊ ငါ့သားကြီး ဆိုဆိုနေတဲ့ အဆိုတော်ရဲ့သီချင်းစာအုပ်တွေ့လို့ ၀င်ရွေးနေတာ ၊ ပြီးတော့ သမီးလေး စပျစ်သီးကြိုက်တာ သတိရလို့ မြို့ရောက်တုန်းလေး ဆိုပြီး သွားဝင်ဝယ် တာကွာ..... ကားမမှီလို့ မနဲ တော်တော် ဝေးတဲ့ အထိ ပြေးလိုက်ရတာ ငါ့နှယ် မောလိုက်တာ...၊ ဒါပေမယ့် သူတို့ လိုချင်တာလေးတွေ ၀ယ်လာရလို့ မောရကြိုးတော့ နပ်ပါတယ်"

ညကြီးမိုးချုပ်မှ မောမောပန်းပန်း ပြန်လာပြီး အမောမဖြေအားပဲ ကိုယ် တို့လိုချင်တဲ့ ပစ္စည်းလေးတွေ ထုတ်ပြပြီး ပြောခဲ့တဲ့ ချစ်ခြင်းအပြည့်နဲ့ဖေကြီး စကား စပျစ်သီးလေးထက် ချိုခဲ့တယ်....။
အဲ့ဒါ တွေက ကိုယ် အိမ်နဲ့ မဝေးခင်ထိ ကြုံခဲ့ ရတဲ့ ချစ်ခြင်း.... ဘယ်အရာကိုမဆို ...သားသမီးတွေ အတွက် တွေးပြီး မိမိဆန္ဒဆိုတာပျောက်ဆုံးနေခဲ့တဲ့ ဖေကြီး နဲ့ မေကြီး ရဲ့ အချစ်တွေပေါ့...။

ဒီလိုနဲ့ ၁၀ တန်းအောင်လို့ ကိုယ် တောင်ငူမှာကျောင်းလာတတ်ရင် အဆောင်နေရပြန်တယ်....။


" ဟဲ့ နှင်းနှင်း...... နင် နဲ့ ဇော်မောင် ကြိုက်နေကြပြီဆို ၊ ဘယ်လို ကဘယ်လို ကြိုက်သွားတာလဲ "

" ဇော်မောင် က ငါ့ဆီကို နေ့တိုင်းလာနေတာ .... နင် အသိပဲ နောင့် ရယ်.. ၊ သူ မလာရင် ငါမျှော်တယ် ...၊ သူရောက်လာရင် ငါပျော်တယ်..... အဲ့ဒါ ငါ သူ့ကို ချစ်လို့ပေါ့ .... အဲ့ဒါကြောင့် သူတောင်းထားတဲ့ အဖြေ ပေးလိုက်တာ "

အင်း..... ကိုယ်ထင်တယ် ... အဲ့ဒီ အချစ် ကတော့ နီးစပ်မှုကြောင့်ဖြစ်မယ်လို့ ....။

ကျောင်းပြီးလို့ ရန်ကုန်မှာ အလုပ်ထဲရောက်ပြန်တော့...
"ကေသီ.... ဟိုမှာ... နင့် မောင် စောင့်နေပြီ၊ အချိန် အတိအကျပဲနော် ၅ နာရီ "

"ဟာ...မောင် ကလဲ ရုံးရှေ့အထိ လာမကြိုဖို့ပြောထားတယ် နောင့် ရဲ့ ... အဲ့ဒါကို လာကြိုတယ် စိတ်တိုလိုက်တာ"

ရုံးအတွင်းခန်းထဲကို ကြည့်ပြီး ပစ္စည်းတွေ ကပြာကရာ ကောက်ထည့် ထွက်သွားတဲ့ ကေသီ နဲ့ သူ့ ချစ်သူ မောင်တို့ရဲ့ လိုက်ဖတ်ညီလှတဲ့ အတွဲလေးကို ငေးပြီး ကြည်နှုးမိတယ်..။ သူတို့အတွဲလေးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး ချောတာချင်းလဲ ညီလို့ ကိုယ်သိပ်သဘောကျတဲ့ အတွဲလေးပေါ့..

ဒါပေမယ့် တစ်နေ့မှာ တော့ ကေသီ ပြောလိုက်တဲ့ စကားတစ်ခွန်း..

" ဟုတ်တယ် နောင့်... ငါ ကိုအောင့် ကို လက်ခံလိုက်တယ်.... မောင့် ကိုသိပ်ချစ်ပေမယ့်... မောင် ကငါအထင်ကြီး လာအောင် မစွမ်းဆောင်ပြနိုင်ခဲ့ပါဘူး.... ငါ နဲ့ မောင် ဘွှဲ့ရတာချင်းတူတူ ခုချိန်ထိ မောင် ဝေလေလေ လုပ်လို့ကောင်းတုန်းပဲ.. ကိုအောင်ဆိုရင် ငါတို့နဲ့ အသက်ဘယ်လောက်မှ မကွာပေမယ့် ငါတို့ ရုံးမှာ ရာထူးချင်း ဘယ်လောက်ကွာထားလဲ... ၊ သူဌေး နဲ့ စကားပြောနေရင်များ ပိုင်ပိုင်နိုင်နိုင် ရွံ့နေတာ ကြောက်နေတာ မရှိဘူး ငါငေးကြည့်နေခဲ့ရတာ ခဏခဏပဲ... မောင့် ကိုလဲ သူ့လိုဖြစ်စေချင်တယ်...ချစ်ခဲ့တဲ့ ၅ နှစ်အတွင်း သံယောဇဉ်တွေကြောင့် ငါ မောင့်ကို သည်းခံ စောင့်နေခဲ့တာ...ခု ငါ အထင်ကြီးတဲ့ ကိုအောင် ကငါ့ကို ချစ်ခွင့်ပန်လာတော့ ငါ မငြင်းချင်ဘူးလေ "

သြော် ... အချစ်ဆိုတာ အထင်သေးရင် ပျောက်ကွယ် တတ်ပြီး အထင်ကြီးမိရင် ဖြစ်ပေါ်တတ်တာပဲနော်...။

နောက်တစ်မျိုးကြတော့.......

"ဘာရယ်.. မမ နဲ့ အောင်သူ ... ဟုတ်ပါ့မလား သွယ် ရယ် နင်ကလဲ"

"နင် မယုံရင် မေးကြည့်ပေါ့... ဟုတ်ပါတယ်ဆို ငါ့ မျက်စိနဲ့ သေချာမြင်ခဲ့တာ "
အဲ့ဒီအချိန် ရုံးထဲ ၀င်လာတဲ့ မမ ကြောင့် ကိုယ်တို့တွေ မသိမသာ စကားလွှဲလိုက်ရတယ်..။ <

ဟုတ်တယ်....မေဇင် ၊ အဲ့ဒီလို အောင်သူ က သူများ ခိုင်းတာတွေကို မညီးမငြူ စေတနာ နဲ့ သွက်သွက်လက်လက် ကူညီနေတာကို ကြည့်ပြီး မမ သနားခဲ့တယ်... ၊ မမလဲ မထင်ခဲ့ပါဘူး.... ဒါပေမယ့် မမ သနားပြီး ချစ်သွားမိတယ် "

ရုံးက အရာရှိ မမ နဲ့ ရုံးစားရေး တောက်တိုမယ်ရ လိုက်ကူတတ်တဲ့ အောင်သူ တို့ရဲ့ ဇတ်လမ်းက သနားခြင်းက စတယ်တဲ့.....။

ကဲရှင်.............အချစ် ဆိုတာ
ဖေကြီး နဲ့ မေကြီး ၊ ကိုယ်တို့ အပေါ်ချစ်တဲ့ အချစ် နဲ့အတူ
နီးစပ်မှု ကြောင့်လား.....
အထင်ကြီးမှု ကစတာလား.....
သနားခြင်းက စတာလား.....
အဲ့လို အချစ် အမျိုးမျိုးတွေ တွေ့ခဲ့ဖူးပါတယ်...။
တစ်ချို့ကလဲပြောပြန်တယ် မျက်စိ ကစတာတဲ့...

ဒါပေမယ့် သေချာတာကတော့ ချစ်ပြီးရင် ပူပင်သောကတွေ လာတော့မယ်..။ ပျော်စရာတွေလဲ ကြုံရမှာပဲ..။ မိဘတွေက တော်တဲ့ လိမ္မာတဲ့ သားသမီးတွေ အတွက် ပျော်ရွှင် ကြည်နှုးရသလို ၊ ဆိုးတဲ့ သားသမီးတွေ အတွက် ပူပင်သောကတွေ များရမှာပါပဲ...။

ဒီလိုပဲ ချစ်သူတွေ ရဲ့ ကြားမှာလဲ ....... ပျော်စရာ၊ စိတ်ကြည်နှုးစရာတွေ ရှိသလို့ မျက်ရည်နဲ့ ရောစပ်ထားတဲ့ ပူပင်သောကတွေလဲ အများကြီး နေမှာပါ..။
ဒါပေမယ့် လူတိုင်း(ပုထုဇဉ်) အချစ်နဲ့ ကင်းနိုင်မှာ မဟုတ်ဘူး ထင်ပါတယ်ရှင်....။ အပျိုကြီး ၊ လူပျိုကြီးများ ဖြစ်လင့်ပစေ.. ကြုံခဲ့ဖူးကြမှာပါ... ၊ နောက်ဆုံး ကိုယ့် မိဘ မောင်နှမ အပေါ်တော့ ချစ်ဖူးကြမှာပါနော်...။

ကိုယ့် အတွက်ကတော့ အချစ်ဆိုတာ……… ၊ အထင်ကြီး ၊ အားကိုးခြင်း ၊ မြတ်နိုးကြင်နာခြင်း ၊ ပေးဆပ်၊ ရယူခြင်း .... ;)

ကိုယ့် ရဲ့ ချစ်သူကို မေးကြည့်တော့….

“အချစ်ဆိုတာ … ကိုယ့်အတွက်တော့ နောင့်နောင့် ပါပဲ” တဲ့ ။

“ကိုယ့် ဘ၀ တစ်လျှောက်လုံး နောင့် နဲ့အတူ လက်တွဲသွားရမယ်ဆိုရင် ပြည့်စုံပြီလို့ ခံစားရတယ်” တဲ့….။

သူက အဲ့ဒီလောက်ပဲ ပြောတယ်… ၊ ကိုယ် လဲထပ်မေးဖို့မလိုအပ်တော့ပါဘူးလေ…၊ တစ်ခါတစ်လေ အများကြီးပြောတာထက် စိတ်ချင်းဆက်သွယ်ပြီး ပြောနေရတာ ပိုကောင်းတယ် မဟုတ်လား…..။

မက်မက်လေး ရေ…… ကိုယ်သိခဲ့ဖူးတဲ့ အချစ်အကြောင်းလေးတွေကို သိသလောက် တတ်သလောက်လေး ရေးထားတယ်နော်…။ စိတ်ကျေနပ်မှုမရှိသော်လဲ… ကျေနပ်ပေးပါနော်။

30 comments:

နွေးနေခြည် said...

နောင့်ဖေကြီး၊ မေကြီးရဲ့ မိသားစု အချစ်ကို ဖတ်ရတာ ခံစားရတယ်။ ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ခဲ့မှာ သေချာတယ်။ ကိုယ်တိုင်လည်း အဲလိုမိသားစုလေး ဖြစ်အောင်ကြိုးစားပေါ့ နောင့်ရေ...
အချစ်ဆိုတာတော့ ဒီလိုပါပဲ...း)

Anonymous said...

နောင့်ရေ မိသားစုအချစ်တော့သိတယ် တခြားအချစ်တော့ ထောထောငယ်သေးတော့ ဒါတွေနားမလည်သေးဘူး နားလည်တော့မှပြန်လာမန့်မယ်နော် :P

Dream said...

အချစ်ဆိုသည်မှာ လူတိုင်းသားအတွက် မွေးရာရာနေရာ။ အချစ်ဆိုသည်မှာ ....?
း)

နောင့်နောင့်အချစ်ကိုသိသွားပြီ... ရေးပေးတဲ့အတွက်
ကျေးဇူးပါနော့်။
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးအမြှောက်တစ်သိန်း ပေးလိုက်တယ်...း)

နောင့်တို့ချစ်သူ၂ဦးလဲ အမြဲချစ်နိုင်ပါစေ ။း)

မယ့်ကိုး said...

အချစ်ဆိုသည်မှာ လူအမျိုးမျိုး စိတ်အထွေထွေ ဖွင့်ဆိုချက်အသွယ်သွယ်။
အဲဒီထဲမှာ ညီမလေးချစ်သူဖြေတာ အကြိုက်ဆုံးပဲ မဟုတ်လား :p
“အချစ်ဆိုတာ … ကိုယ့်အတွက်တော့ နောင့်နောင့် ပါပဲ” တဲ့ လား။
အစ်မလည်း သဘောကျတယ် ရိုးရှင်းပြီး ပြည့်စုံတယ်။
ိုညီမလေးတို့ အမြဲချစ်နိုင်ပါစေ ။း)

ရွက်လွင့်ခြင်း said...

၁၅၀၀ နဲ့  ၅၂၈ ကို ယှဉ်ကြည့်ရင်တော့ ပူလောင်မှုနဲ့  ကြည်နှုးမှုကို တွေ့ ပါလိမ့်မယ်။
၁၅၀၀ ကို အချိန်နဲ့ အမျှ ၅၂၈ ဖြစ်အောင် ပြောင်းလဲနိုင်ရင်တော့(ပြောင်းလဲနိုင်တဲ့ mathod ရှိရင်) နောင်ရေ......
ပူလောင်မှု ဆိုတာ ဆိတ်သုဉ်းသွားပါလိမ့်မယ်

ငယ် said...

နောင့်ရေ... ကျေးဇူးပါ.. အချစ်အမျိုးမျိုးလေးတွေကိုယှဉ်ပြထားတဲ့အတွက်...

နောင့် တို့ချစ်သူနှစ်ဦး လက်တွဲတွေမြဲပါစေလို့ ဆုတောင်းပေးတယ်နော်....

ပျော်ရွှင်ချမ်းမြေ့ပါစေ နောင့်..

မီးမီးချစ် said...

သြော် ... အချစ်ဆိုတာ အထင်သေးရင် ပျောက်ကွယ် တတ်ပြီး အထင်ကြီးမိရင် ဖြစ်ပေါ်တတ်တာပဲနော်...။
အရမ်းမှန်တယ် ကွယ့်..

ငှက်ကလေး said...

အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခါ လမင်းတရာ
အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခါ နေမင်း ကုဋေကုဋာ
ဟဟ ဘာရယ်မဟုတ်ဘူး ထွန်းအိန္ဒြာဗိုလ်လေသံနဲ့ ဟဲကြည့်တာ ဟိဟိ

ကောင်းတယ် ယှဉ်ရေးသွားတာလေး ဖတ်ရတာ ရွှေဘောတော် ကျတယ် နောင့်ရေ အဟေးးးးအဟေးးး

နဒီမိုးညို said...

မေဇင်ရေးတဲ့..အချစ်က..ပြည့်စုံပါတယ်.
အချစ်စစ်ကို..ထာဝရပိုင်ဆိုင်ပါစေ..လို့ ..
ဆုတောင်းပေးလိုက်ပါတယ်..နော်.
နဒီမိုးညို။

Bagothu said...

အဖော်ရပြီဖြစ်ကြောင်း
တဖက်လှည့်နဲ့ အသိပေးတာပေါ့လေ။ ငါသိပြီးသားပါနောင့်နောင့်ရာ။

kiki said...

၁၅၀၀ နဲ့ ၅၂၈ ဘာကွာသလဲ ။
ဂဏန်းသချာင်္လို သာ ပြောလို့ ရကြေးဆိုရင်တော့ ရှင်းရှင်းလေးပေါ့ နော် ၉၇၂ ...ဘာခက်တာ မှတ်လို့ .
အေးမြတဲ့ အချစ် နဲ့ ပူလောင်တဲ့ အချစ် ..
သေချာတာတော့ ဒီ ၂ မျိုးထဲ ပါဘဲ ..

နောင့်ရော .. ဘယ်လို ချစ်ချင်လည်း
ဟဲ ဟဲ ..ရှင်းရှင်းပြောပါလား ...

သားကြီး said...

နောင့်ဖေဖေနဲ့မေမေရဲ့နောင့်တို့အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာတွေကိုဖတ်ရတော့ကြည်နူးမိတယ်
နောက်ချစ်သူရဲ့ရိုးရှင်းပြည့်စုံတဲ့စကားကိုကြားရပြန်တော့လည်း
နောင့်အတွက်ကြည်နူးရတာပါပဲ ဒါကတမျိုးပေါ့လေ
အချစ်ဘယ်ကစသလဲတော့မသိပါဘူး
မျက်စိကစတာတော့ ရာနှုန်းပြည့်ဟုတ်လိမ့်မယ်မထင်ဘူး
မွေးကတည်းကမျက်စိမမြင်တဲ့လူတွေတောင်အိမ်ထောင်ကျသေးတာပဲ
ကိုယ်တွေ့ဖူးတဲ့မျက်မမြင်တစ်ယောက်ကဆို အိမ်ထောင်သုံးဆက်တောင်ကျဖူးတယ် တကယ်ပဲသြချလောက်တယ်

မငုံ said...

ပျော်ရွှင်စရာ မိသားစုချစ်ကြပုံလေးကို လာဖတ်တယ်။

Mogok Thar said...

ပျော်ရွှင်စရာ မိသားစုလေး...ကြည်နူးနွေးထွေးမှုတွေနဲ့
ဖူးပွင့်ဝေစည်... သာယာသည်။
နှစ်ကိုယ်တူဘ၀ ချစ်ရသူနဲ့ မခွဲ... အမြဲထာဝရ ချစ်နိုင်ကြပါစေ......

စိတ်၏ဖြေရာ said...

ညီမလေးရေ..လာလည်တာကျေးဇူးပါ၊စင်္ကါပူအတွေ.့ အကြုံလေးဖတ်သွားပါတယ်။ ဘလော့ဖွင့်ခါစခံစားချက်ကလဲတူမှတူ၊
ဆက်ပြီးအားပေးနေမယ်နော်။Southern Africa မှာနေပါတယ်။ရွှင်လန်းချမ်းမြေ့ ပါစေ။

mae said...

ရေးတာလေး အရမ်းဖတ်လို့ကောင်းတယ်၊ အတွေးလေးလဲ သဘောကျတယ်၊ နောင့် ချစ်သူနဲ့ အမေအဖေနဲ့ သူငယ်ချင်းတွေနဲ့ အမြဲ ပျော်ရွှငနိုင်ပါစေ..

အရူးလေး said...

ကွန်ဂရက်ကျူလေးရှင်းပါဗျာ ...
နောင့် ရဲ့ မိသားစုအကြောင်းကို ဖတ်နေတုန်း ကျနော့်ရဲ့ ဖေဖေ၊ မေမေရယ် အစ်မတွေရယ် ကို ပြန်သတိရမိပါသေးတယ်...
ချမ်းမြေ့ကြပါစေခင်ဗျာ..

Angel Shaper said...

အင်းးးးး အင်မတန်ကံကောင်းသော နှောင့်ပေတည်းးးးးးးးးး ချစ်နိုင်ကြပါစေ။
အချစ်များနဲ့သာ ကမ္ဘာကြီး လှပနေပါစေ။

သက်ဝေ said...

စစ်မှန်သော ချစ်ခြင်းများဖြင့်
တဘဝလုံး ပျော်ရွှင်နိုင်ပါစေ...

Lucifer said...

အော် အချစ် အချစ်.. နှစ်လုံးထဲးမို့သာတော်တော့တယ်..
သာယာအေးမြတဲ့ အချစ်မျိုးဆိုရင်တော့ကောင်းတာပေါ့လေ..

အရုပ်ကလေး said...

ပို့စ်လေး ဖတ်သွားပါတယ် ..။

ကျွန်တော်ရေးထားတဲ့ အချစ်ဆိုတာနှင့် အချစ်ဆိုသည်မှာ
ပိုစ်လေး နှစ်ပုဒ် လင့်ခ်ထားခဲ့ပါတယ် ..။

http://idulize.myanmarbloggers.org/2009/03/blog-post.html

http://idulize.myanmarbloggers.org/2008/10/tag_11.html

ချစ်ခြင်းမေတ္တာတွေ ထုံလွှမ်းလို့ ကြင်သူနှစ်ဦး
ပျော်ရွှင်မြူးလို့ ကမ္ဘာတစ်ခွင်မှာ အသွင်ထူးများ ရရှိစံစားပါစေလို့ ဆုတောင်းပေးသွားပါတယ် ..။

လသာည said...

မေဇင်ရေ..နောက်တခေါက် ရောက်တယ်။ အချစ်အကြောင်း ဖွင့်ဆိုချက်လေး မိုက်တယ်ကွာ။ ဖတ်လို့ကောင်းတယ်။ ချစ်သူလေးနဲ့ထာဝရ အဆင်ပြေပျော်ရွှင်စေချင်ပါတယ်။ ခင်တဲ့

ကိုလူထွေး said...

အိမ်ကနေ တောင်ငူ
တောင်ငူကနေ ရန်ကုန်
ရန်ကုန်ကနေ အခု

ဒီခရီးရှည်ကြီးအတွက် အချစ်သာမရှိခဲ့ရင် တော်တော်မောခဲ့မှာလေ...

စည်သူ said...

မမ မက်မန်းတီးတော့ မသိဘူး
ဖတ်ရတဲ့လူတော့ကျေနပ်သွားပြီး

ကောင်းလိုက်တဲ့ချစ်ချင်းဖွဲ့ဆိုမှု
ချိုလိုက်တဲ့စပျစ်သီး
ကားနောက်ပြေးလိုက်ရလို့
မောလိုက်မယ့်ဖြစ်ခြင်း
နွေးထွေးလှတဲ့
မိဘရဲ့ရင်ခွင်
၅၂၈ ရဲ့အရသာနဲ့
မောင်နှမသံယောဇဉ်
ပူလောင်တယ်လို့ထင်ရတဲ့
၁၅၀၀ ရဲ့စက်ကွင်း
အနေနီးလို့... ချစ်
အနေဝေးလို့... ပြစ်
သနားလို့.... ချစ်

ချစ်ချစ်ချစ်ချစ်....

သူများတကာတွေတော့
တာဝန်ကျေသွားပြီ

ပေါက်ကရတွေပဲရေးတဲ့
ပေါက်ကရအပိုင်းအစကတော့
ပေါက်ကရအချစ်တွေနဲ့
ပေါက်ကရဖြစ်တော့မှာ
သေချာနေပြီ...

ကယ်ကြပါအုံးဗျို့....းP

သီဟသစ် said...

နောင့်ရေ

ဖတ်ရတာ ကြည်နူး ရင်မော ကဗျာဆန် လိုက်တာ
:)

အချစ်ငှက်များ အမြဲပျံနိုင်စေသတည်း

ခင်မင်စွာဖြင့်
သီဟသစ်

ဇော် said...

အယ်
အချစ်အကြောင်းဆို ကျနော်လဲ တိတေးဝူး။
ကျနော်က ခုမှ ခယေးပဲ ရှိတေးယာ။ ခိခိ။ =)

မိုးခါး said...

နောင့်တောင် ကြွေးဆပ်ပြီးပြီ
ဆပ်ရဦးမယ်
:D
အမှန်တွေရေးထားတာပဲ နောင့်ကး)

မေ့သမီး said...

အချစ်ဆိုတာကိုသိပ်နားမလည်သေးဘူး။ မိဘမေတ္တာကတော့ အမြဲမပျက်ပြယ်တဲ့အရာလို့ပဲ ခံယူထားတယ်။

ရွှေပြည်သူ (ShwePyiThu) said...

“တစ်ခါတစ်လေ အများကြီးပြောတာထက် စိတ်ချင်းဆက်သွယ်ပြီး ပြောနေရတာ ပိုကောင်းတယ် မဟုတ်လား” ဟုတ်တယ် ညီမလေး တခါတခါ မပြောဘဲနေတာတွေက ပိုပြီးလေးနက်သလို အဓိပ္ပါယ်လည်း ပိုရှိတယ်...း)

Beauty Studio USA Branded Store said...

အချစ်တွေကတော့ အမျိုးမျိုးပါပဲ။
မိဘအချစ်ကတော့ အအေးမြဆုံးပါ။